ကိုးကန့်တပ် ထိန်းချုပ်တဲ့ လားရှိုးမြို့ ထပ်မံဗုံးကြဲခံရပြီး နှစ်ဦး သေဆုံး
2024.09.26
ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မြို့မဈေးနဲ့ အမှတ် (၁) ရပ်ကွက်က နေအိမ်တချို့ကို စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီဘက်က ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာပြီး မကြာခင်မှာပဲ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
သေဆုံးသူတွေထဲ အမျိုးသမီးတစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူလည်း သုံးဦးထက်မနည်းရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"မနက် ၃ နာရီကျော်၊ ၄ နာရီ ထိုးတော့မဲ့အချိန် ဗုံးကြဲတာ။ ဆေးရုံအရှေ့ အဆင်းလမ်းနေရာက မြို့မဈေး အဆောင်တွေ ပျက်စီးတယ်။ ပြီးတော့ ရပ်ကွက် (၁) က ဂရင်းပတ်(ခ်) ဟိုတယ် လမ်းကြားရော၊ ကျောက်တောင်လမ်းဘက်ရော ကြဲသွားတဲ့နေရာများတယ်။ လောလောဆယ် နှစ်ယောက် သေတယ်လို့ သိထားတယ်"
လတ်တလောအခြေအနေအရ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးဘူးလို့ လားရှိုးဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
သြဂုတ်လ ၃၀ ရက်ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ ခုနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ပေးနေသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်သလို လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေတယ်လို့ MNDAA က ထုတ်ပြန် ပြောဆိုထားပါတယ်။