မဘိမ်းမြို့မှာ လေကြောင်းနဲ့တိုက်ခိုက်ခံရလို့ ဒေသခံတစ်ထောင်ဝန်းကျင် ထွက်ပြေးနေရ
2023.06.05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် အလယ်ရမ်ဘိုရွာအတွင်းကို ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အလယ်ရမ်ဘို၊ အောက်ရမ်ဘိုနဲ့ ခေါ်တောရွာက ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ် လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အလယ်ရမ်ဘိုရွာ မူလတန်ကျောင်းနဲ့ အနီးအနားက ဆေးပေးခန်းပါ ပျက်စီးခဲ့ပြီး နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရမ်ဘိုရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
"အောက်ရမ်ဘို၊ အလယ်ရမ်ဘို၊ ခေါ်တောသုံးရွာက ဆက်နေတာပေါ့ဗျာ။ လူဦးရေက တစ်ထောင်လောက်ရှိမယ်ဗျ၊ အခုပြေးနေရတာက။ တချို့ ရွာစောင့်လောက်ပဲကျန်ခဲ့တာ။ ပထမညမှာက ဗုံးကြဲတာ။ ဒုတိယနေ့မနက်ကျတော့ လေယာဉ်နဲ့ထပ်ပြီးလာပစ်တာ။ ကျွန်တော်တို့ဆီမှာ အင်တာနက်လည်း ဖြတ်ခံထားရတယ်။ ဘာသတင်းမှမသိရဘူး။ ကျွန်တော်တို့ရွာကနေ ဧရာဝတီမြစ်ကိုကျော်လိုက်ရင် ကသာမြို့ဘက်ရောက်တယ်။ အဲဘက်မှာလည်း အခုထိ လေယာဉ်တွေဝဲနေတုန်းပဲ"
စစ်ကောင်စီတပ်က လေကြောင်းကနေလာပစ်ချိန် ရွာအတွင်းမှာ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူးလို့ ဒေသခံက ဆိုပါတယ်။
လေကြောင်းပစ်ခတ်ခံရမှုကြောင့် အရပ်သား ထိခိုက်မှုရှိ၊ မရှိဆိုတာကို တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်က စစ်ကြောင်းတွေထိုးနေတာကြောင့် ရွာကိုလည်း ပြန်မကြည့်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးနေရသူတွေဟာ လယ်ကွင်းတွေနဲ့ တောတောင်တွေမှာ ဖြစ်သလိုနေထိုင် နေကြရပြီး စာသောက်ရေးအတွက် ရွာကနေ အရေးပေါ်ယူလာတဲ့ ရိက္ခာတွေကိုပဲ မျှပြီးစားနေကြရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
မဘိမ်းမြို့နယ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ အဓိက လှုပ်ရှားတဲ့ဒေသဖြစ်ပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နဲ့ ဆက်စပ်နေတဲ့ဒေသလည်း ဖြစ်ပါတယ်။