စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အနောက်မြောက်ခြမ်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၅ ရက် မနေ့ ညနေပိုင်းက စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ရာမှာ သဖန်းဆိပ်ဆည် အနောက်ဘက်ကမ်းမှာရှိတဲ့ တည်ပင်ဆိပ်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ရဟတ်ယာဉ်သုံးစင်းနဲ့ ပစ်ခတ်ရာမှာ အရပ်သားတွေ ထိခိုက်မှုရှိခဲ့တာလို့ ကျွန်းလှမြို့နယ်က ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့ မနေ့က ညနေပိုင်းမှာ ရဟတ်ယာဉ် နှစ်စင်း၊ သုံးစင်းနဲ့ ပတ်ချာလည်ပစ်တယ်။ ရွာတွေထဲကိုလည်း ပစ်တယ်။ မိန်ကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက်တော့ သေသွားတယ်။ ထွက်ပြေးတဲ့ စစ်ဘေးရှောင်တွေကို လည်း အပေါ်ကနေ ရဟတ်ယာဉ်နဲ့ လိုက်ပစ်တယ်။ ဒီနေ့မနက်လည်း ရဟတ်ယာဉ်တွေဝဲတယ်။ လူချတာလား ဘာလား သေချာမသိရသေးဘူး”
မနေ့က ပစ်ခတ်မှုတွေကြောင့် တည်ပင်ဆိပ်ရွာအပါအဝင် ဆိပ်ဖူး၊ ရှမ်းကုန်း၊ သက္ကယ်ကျင်း၊ ကုန်းစည်း၊ ဝေလမူ စတဲ့ ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအရေအတွက်နဲ့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ အမည်နဲ့ အသက်တွေကိုတော့ မသိရသေးပါဘူး။
ဩဂုတ်လ ၂၆ ရက် ဒီနေ့မနက်မှာလည်း ကုန်းစည်းနဲ့ သက္ကယ်ကျင်း ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတော့ ကုန်းစည်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာကို မီးရှို့နေတယ်လို့ ဒီနေ့မနက်မှာ သူတို့အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။
ကျွန်းလှမြို့နယ်ထဲကို မနေ့က လေကြောင်းပစ်ခတ်မှုတွေလုပ်တဲ့အပြင် မြေပြင်ကိုလည်း စစ်သားအင်အား အများအပြား ချထားပေးခဲ့တာကြောင့် ရွာတွေကို စစ်ကြောင်းထိုးတာ၊ ဝင်ရောက်စီးနင်းတာတွေ လုပ်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။