ALP အဖွဲ့ဝင်ငါးဦးကို AA ဖမ်းဆီးထားကြောင်း ALP ပြောကြား၊ AA ငြင်းဆို


2020.08.11

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှာ သြဂုတ်လ ၁၀ ရက် တနင်္လာနေ့က ရခိုင်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်တစ်ဦးရဲ့ အသုဘကိုသွားတဲ့ သူတို့အဖွဲ့ဝင် ၅ ဦးကို အဲဒီနေ့ ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် AA ကဖမ်းလိုက်တယ်လို့ ALP ဘက်က မနေ့ညက ကြေညာချက်ထုတ်လိုက်ပါတယ်။

အဖမ်းခံရသူတွေဟာ ALP တွဲဘက်အတွင်းရေးမှူး (၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေး၊ ဆေးမှူး ခိုင်မျိုးဇံ၊ ဆေးတပ်သား ခိုင်မိုးဇက်နဲ့ ခိုင်ဟိန်းဇော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဒေသခံပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေ ဖြစ်တယ်လို့   ALP ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဦးခိုင်မျိုးထွန်းကပြောပါတယ်။

“သူတို့က မိခင်ပါတီက ALP ဆိုပေမယ့် နိုင်ငံရေး စစ်ရေးမှာ သိပ်မပါဘူး။ ရခိုင်ပြည်သူ့ကျန်းမာရေး လုပ်သားအဖွဲ့။ ဒီအဖွဲ့က ALP အောက်မှာရှိတယ်။ အဲ့ဒီအဖွဲ့က IRC နဲ့ပူးပေါင်းပြီး ရခိုင်ရယ် ရခိုင်ပြည်နယ်က မျိုးနွယ်စုတွေရယ် မွတ်စလင်ရွာတွေကိုလည်း သွားပြီးလုပ်နေတာပါ”


ရက္ခိုင့်တပ်တော် AA ကဖမ်းသွားတာဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်လို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ….

“ ALP အဖွဲ့ဝင်ဆိုပြီးတော့ဖမ်းထားတာမရှိဘူး။ ဒါပေမဲ့ဖြစ်စဉ်တခုကတော့ သြဂုတ်လ ၉ ရက် ည ၈ နာရီဝန်းကျင်လောက်မှာ ပုဏ္ဏားကျွန်းမြို့နားမှာ မော်တော်ဆိုက်ကယ်အင်ဆီးဒင့်ဖြစ်ပြီး လူငယ်တစ်ယောက်သေသွားတာရှိတယ်။ အဲဒီဖြစ်တာက အရက်သေစာသောက်စားထားပြီး အရက်ဝယ်ပြီးအပြန် မော်တော်ဆိုက်ကယ်မဆင်မခြင်မောင်းလို့ အဲဒီလိုသေတဲ့အထိဖြစ်ကြတာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သောက်စားမူးယစ်မှုမှာပါတဲ့သူတွေကို ကျနော်တို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကနေ ခေါ်ပြီးစစ်ဆေးမေးမြန်းနေတာရှိတယ်။ ဆိုတော့ ခင်ဗျားတို့ပြောသလို ALP အဖွဲ့ဝင်တွေကို ဖမ်းထားတာတော့မရှိဘူး” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကလည်းသူတို့အဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းပြီးသတ်ဖြတ်လိုက်တယ်လို့ ALP ပါတီက ဇွန်လ ၁ ရက်နေ့မှာကြေညာချက်ထုတ်ထားပါတယ်။

ဒီလိုဖြစ်နေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ အချင်းချင်းမညီမညွတ်ဖြစ်နေတာ ပြည်သူတွေအတွက် နစ်နာတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပါတယ်။

“ALP ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့။ ကျနော်တို့ မသိပေမယ့် နယ်မြေပြဿနာတွေ ရှိတယ်လို့ ကြားတယ်။ ကျနော်ကတော့ ဒီအချိန်မှာ ကိုယ့်ရခိုင်အချင်းချင်း ညီညွတ်စေချင်တယ်။ တဖွဲ့နဲ့တဖွဲ့ ဒီလိုဖြစ်နေရင် ရခိုင်ပြည်ပြဿနာက ပိုရှုပ်ထွေးလာနိုင်တယ် ကိုယ့်ရခိုင်အချင်းချင်း ပြည်သူအချင်းချင်း ညီညွတ်ကြပါလို့ ပြောချင်ပါတယ်”


ALP ပါတီဝင်တွေ ဖမ်းဆီးခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ကို မေးမြန်းရာမှာတော့ အဲဒီသတင်းကို သူတို့မကြားမိသေးဘူးလို့ ပြောပါတယ်။

ALP ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပြီး၊ AA ကတော့ အပစ်ရပ်စာချုပ်မထိုးသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ AA အဖွဲ့က သူတို့အဖွဲ့ဝင်တွေကို ဖမ်းတာ ၂၀၁၇ ခုနှစ်မှာ နှစ်ကြိမ်၊ အခု ၂၀၂၀ မေလနဲ့ အခုသြဂုတ်လမှာ နှစ်ကြိမ်၊ စုစုပေါင်းလေးကြိမ် ရှိပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေဖြစ်ပွားပြီး အခုကာလအထိ တပ်မတော်ကရော AA အဖွဲ့ကပါ သူတို့မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။