ရခိုင်ပြည်နယ် ကျေးရွာများ အတွက် ဆန်အိတ်၂၀၀၀ ကျော် ALP လှူဒါန်း
2016.03.20

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တွေက ရွာပေါင်း ၁၃ ရွာအတွက် နိပွန်ဖောင်ဒေးရှင်း ရဲ့ ထောက်ပံ့မှုအရ ဒီနေ့ကစတင်ပြီး ဆန် အိတ်ပေါင်း ၂၀၀၀ ကျော်နဲ့ သွားရောက် လှူဒါန်းနေပါတယ်။
ဆင်းရဲချို့တဲ့တဲ့ ကျေးရွာတွေကို အဓိကလှူဒါန်းတာဖြစ်တယ်လို့ ALP ပါတီရဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက ပြောပါတယ်။
"ကျမတို့ကရွာ ၆ ရွာကို စတင်လှူဒါန်းနေပြီဖြစ်ပါတယ်၊ အဓိကကတော့ စားနပ်ရိက္ခာ တွေရှားပါးနေရတာကို ကျမတို့တွေ့ပါတယ်၊ အဲ့ဒါကြောင့် ရခိုင်ပြည်သူ တစ်ရပ်လုံးကို စားနပ်ရိက္ခာပံ့ပိုးပေးနိုင်အောင် ကျမတို့အဓိကထားပြီးကြိုးစားတယ်၊ အဲ့လိုကြိုးစားတဲ့ အခါမှာ ကျမတို့ အားလုံးလောက်ငှအောင်လို့ ကူညီနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျမတို့တစ်ဆုပ်ရသည်ဖြစ်စေ၊ တစ်ပဲရသည်ဖြစ်စေ၊ ပြည်သူလူထုနဲ့ အနီးကပ်နေပြီး ပြည်သူလူထုကို ဘယ်လောက်ပံ့ပိုးနိုင်မလဲ၊ အဲ့ဒါမျိုးကို ကျမတို့ကြိုးစားတဲ့ အနေအထားဖြစ်ပါတယ်"
ဒီနေ့မှာတော့ ရသေ့တောင်မြို့နယ် မယူကမ်းဒေသက မိချောင်းရေသောက်၊ ရန်အောင်ပြင်၊ ဗောဓိ ကုန်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၆ ရွာမှာ ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်ကို လှူ ဒါန်းခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်ကို ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ရွာ ၇ ရွာမှာ ဆက်လက်လှူဒါန်းသွားမယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နေပြည်တော်မှာ အစိုးရ နဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရာမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။