မန္တလေးတိုင်း အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းခွင်မှာ ဇူလိုင်လ ၁၄ ရက် မနေ့က စီမံကိန်းထဲကို ရေမဝင်ဖို့အတွက် ကာရံထားတဲ့ တာကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့လို့ အလုပ်သမားခုနစ်ဦး ပျောက်ဆုံးနေပြီး ဒီနေ့မှာလည်း ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လုပ်ငန်းခွင်ထဲက လုပ်ငန်းအတွက် ကာထားတဲ့ဟာ ကျိုးသွားလို့ ရေဝင်ပြီး အလုပ်သမားတွေ ပျောက်ဆုံးတာပါဗျ။ ကျွန်တော်တို့ သိရသလောက်က ရေဆိုးမြောင်းလုပ်တဲ့ထဲက လှိုင်လိုဟာမျိုး ရှိတယ်။ အဲဒီထဲမှာ ပိတ်မိပျောက်ဆုံးနေတယ်လို့ သိရတယ်။ အခုလက်ရှိတော့ ရှာဖွေနေဆဲလို့ပဲ ပြောရမှာပေါ့။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပါပဲဗျ”
လုပ်ငန်းခွင် သီးသန့် တာကျိုးပေါက်တာဖြစ်ပြီး လူနေရပ်ကွက်တွေထဲကို ရေဝင်ရောက်တာ မရှိဘူးလို့ သူက ပြောပါတယ်။
စီမံကိန်းဧရိယာထဲ ဝင်လာတဲ့ ဧရာဝတီမြစ်ရေကို စုပ်ထုတ်ပြီး အလုပ်သမားတွေ ပိတ်မိနေတယ်လို့ ယူဆရတဲ့နေရာကို ဝင်ရောက်ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း စီမံကိန်း သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက RFA ကို ပြောပါတယ်။
“ရှာဖွေနေတာ မတွေ့သေးဘူးပေါ့။ ရေတွေစုပ်ထုတ်ပြီး အဲဒီထဲကိုဝင်နိုင်အောင် မြို့တော်ဝန်နဲ့တကွ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ကုမ္ပဏီအဖွဲ့တွေရော အဖွဲ့ပေါင်းစုံ စုပေါင်းပြီး လုပ်နေပါတယ်ခင်ဗျ”
အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဟာ ဧရိယာဧက ၂၅၀၀ ခန့် ကျယ်ဝန်းပြီး မန္တလေးမြို့အနောက်ဘက် စစ်ကိုင်း - မန္တလေးလမ်းနဲ့ ဧရာဝတီမြစ်အကြားက မြေနုကျွန်းတွေပေါ်မှာ အကောင်အထည် ဖော်နေတာပါ။
ဒီစီမံကိန်းမှာ ဟိုတယ်၊ ဆေးရုံ၊ ကျောင်း၊ ဆိပ်ကမ်း၊ စျေးဝယ်စင်တာ၊ ပန်းခြံနဲ့ လူနေတိုက်ခန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကတည်းက တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကလည်း စစ်ကိုင်း - မန္တလေးလမ်းမှာရှိတဲ့ ရွှေဂဲရေဆိုးထုတ်ပြွန် ကျိုးပေါက်လို့ ဧရာဝတီမြစ်ရေတွေ ရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့လို့ လူတစ်သောင်းကျော် ရေဘေးကြုံတွေ့ခဲ့ရပြီး အဲဒီတုန်းကလည်း အမရပူရ မြို့ပြစီမံကိန်းကြောင့် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။