သံဖြူဇရပ်မြို့နယ်မှာ လူနာတင်ယာဉ် တိုက်ခိုက်ခံရ

2022.09.09
သံဖြူဇရပ်မြို့နယ်မှာ လူနာတင်ယာဉ် တိုက်ခိုက်ခံရ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအဝင်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်ညက ပစ်ခတ်ခံရသည့် အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်ကို တွေ့ရစဉ်
ဓာတ်ပုံ - အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ပိန္နဲတောကျေးရွာအဝင်မှာ စက်တင်ဘာလ ၈ ရက်ည သန်ခေါင်ယံအချိန်မှာ အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ် ပစ်ခတ်ခံခဲ့ရသလို မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် အသင်းဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့တယ် လို့ အဲဒီအသင်းရဲ့ ဥက္ကဋ္ဌက RFA ကိုပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီက လူနာ တစ်ဦးနဲ့ ည ၈ နာရီဝန်းကျင်က အလယ်စခန်းကျေးရွာက လူနာ တစ်ဦးကို မော်လမြိုင်ဆေးရုံကြီးကို ပို့ပြီး မော်လမြိုင် မြို့ကနေ ရေးမြို့ကိုအပြန်လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် ရှုတ်ချကြောင်း အောင်မင်္ဂလာ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

"သေနတ်နဲ့ အရင်ပစ်တယ်ပေါ့။ ပြီးတော့မှ မိုင်းနင်းမိပြီး ဒုန်းဆို ကားပါ မြောက်တက် သွားတာ။ လမ်းဘေး လွင့်စင်သွားတာပေါ့။ ယာဉ်မောင်းကတော့ လည်ပင်းဖောက်ပြီး ဒဏ်ရာ သုံးချက်ရတယ်။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာ နည်းနည်းပဲရတယ်။ ကားမှာလည်း ကျည်ဆံအရာတွေ မနည်းဘူး။ ကျနော်တို့က လမ်းကြောင်းထွက်တိုင်း အတွင်းခန်း မီးထွန်းတယ်။ မီးတန်းဖွင့်တယ်။ အဝေးကကြည့်လည်း သိသာအောင်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်တယ်။ ဒီဟာမျိုးက ဘယ်အဖွဲ့အစည်းမှ မလုပ်သင့်တဲ့ အလုပ်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ရှုတ်ချတယ်"

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးကိုတော့ မော်လမြိုင်မြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရေးမြို့နယ်အတွင်းက ဆေးရုံဆေးခန်းတွေမှာ လုံလောက်တဲ့ ဆရာဝန်အင်အား မရှိတာကြောင့် မော်လမြိုင်ဆေးရုံကိုသာ ပို့ဆောင်နေရပြီး ညပိုင်း လူနာပို့ဆောင်တဲ့အခါမှ သတိထားဖို့လိုအပ်သလို ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့လည်း ရေးမြို့နယ်က ပရဟိတအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။