မြန်မာ့ပြည်တွင်းစစ် ရာနှုန်းပြည့် ဖြစ်ပွားနေဟု လေ့လာသူများ ရှုမြင်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတာဟာ အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ တန်ဖိုးစံနှုန်းတွေကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရနဲ့ နီးစပ်တဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမေရိကန်အစိုးရနဲ့ မူဝါဒရေးရာ အဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံအရေးအတွက် အလုပ်လုပ်ခဲ့တဲ့ ကျွမ်းကျင်သူတွေ စုစည်းရေးသားထားတဲ့ သုံးသပ်ချက်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒီအစီရင်ခံစာ ပါဝင်ရေးသားခဲ့တဲ့ ကျွမ်းကျင်သူတွေက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ သူတို့ကို စစ်တပ်လို့တောင် မခေါ်ချင်တော့ပါဘူး။ သူတို့က ယူနီဖောင်း ဝတ်ထားတဲ့ လူဆိုးလူမိုက်တွေသာ ဖြစ်ပါတယ်"

အခုဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့နေပြီး ရာနှုန်းပြည့် ပြည်တွင်းစစ်အဆင့်ကို ရောက်နေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခအကြပ်အတည်းဟာ ဒီမိုကရေစီလူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှု၊ ကြီးပွားတိုးတက်မှုနဲ့ လုံခြုံမှုစတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံအကျဆုံး စံတန်ဖိုး အားလုံးနဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို လျစ်လျူရှုလို့ မဖြစ်ပါဘူး။ အခု ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့နေပြီး ရာနှုန်းပြည့် ပြည်တွင်းစစ် အဆင့်ကို ရောက်နေပါပြီ"

ဒါကတော့ USIP အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Jason Tower က ပြောသွားတာပါ။

၂၀၂၁ ခုနှစ်ကို အာဏာသိမ်းနှစ်လို့ ပြောလို့ရလောက်အောင် နိုင်ငံတော်တော်များများမှာ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့အထဲမှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်ကတော့ ထိခိုက်နစ်နာမှု အများဆုံး၊ အရက်စက်ဆုံးနဲ့ အဓိပ္ပါယ်မရှိဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း မစ္စတာ ဒဲရစ်မစ်ချယ်က သုံးသပ်ပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းထဲက အပြောင်းအလဲလုပ်မှသာ ဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အလေးထားတဲ့ အရာတွေကို သိအောင်လုပ်ပြီး စုစည်းညီညွတ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့လိုတယ်လို့ မစ္စတာ ဒဲရစ်မစ်ချယ်က ပြောပါတယ်။

“ကျွန်တော်ကတော့ သူတို့ကို စစ်တပ်လို့တောင် မခေါ်ချင်တော့ပါဘူး။ သူတို့က ယူနီဖောင်း ဝတ်ထားတဲ့ လူဆိုးလူမိုက်တွေသာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာပြည်သူတွေဟာ ရှည်ကြာပြီး ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ တကယ့်ကို အဆုံးစွန် အပြောင်းအလဲဖြစ်လာဖို့အတွက်ဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ စဉ်းစား တွက်ချက်ပုံကို ပြောင်းသွားအောင် လုပ်ဖို့လိုပါတယ်။ သူတို့ အခု သွားနေတဲ့ လမ်းကြောင်းဟာ သူတို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အောင်မြင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်လာအောင်လုပ်ဖို့ လိုပါတယ်။ စစ်ခေါင်းဆောင်တွေ အလေးထားတဲ့အရာတွေကိုလည်း သိထားဖို့ လိုပါတယ်။ စစ်ခေါင်းဆောင်တွေဟာ သူတို့ ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ သူတို့ရဲ့ စစ်လက်နက်တွေ၊ သူတို့ရထားတဲ့ အာဏာနဲ့ ဒီအာဏာတည်မြဲဖို့အတွက် အလေးထားပါတယ်။ နောက်ပြီး သူတို့ မိသားစုဝင်တွေ ကျန်းမာရေးနဲ့ ပညာရေးကောင်းကောင်းရဖို့အတွက်လည်း အလေးထားပါတယ်။ နောက်ပြီး သူတို့အပေါ် လူတွေမြင်တဲ့ အမြင်ကိုလည်း အတိုင်းအတာတစ်ခုအထိ ဂရုစိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီလို သူတို့အလေးထားတဲ့ အရာတွေကနေ ဘယ်လို အပြောင်းအလဲဖြစ်အောင် လုပ်မလဲဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာရဲ့တုံ့ပြန်မှုက ညီညွတ်မှုမရှိတာက အဓိက ပြဿနာတစ်ခုဖြစ်နေပါတယ်“

မြန်မာ့အရေးနဲ့ ပတ်သက်လာပြီး နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အကျပ်အတည်းမှာ အာဆီယံအဖွဲ့ရဲ့ ဝင်ရောက်ဖြေရှင်းပေးမှုနဲ့ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ထင်သလို ဖြစ်လာသေးတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအရေးကြောင့် အာဆီယံနဲ့ အမေရိကန်အပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကိုပါ ထိခိုက်စေပြီး၊ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်ဆိုင်ရာ မဟာဗျူဟာကို ပါထိခိုက်စေတယ်လို့ International Republican Institute အဖွဲ့ရဲ့ ဥက္ကဋ္ဌ Daniel Twining က ပြောသွားပါတယ်။

"အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲမှုတွေကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ မရောက်အောင် သတိထားဖို့ လိုပါတယ်။ အခု အဲဒီလို အခြေအနေ ဖြစ်နေပါတယ်။ အာဆီယံက မြန်မာ နိုင်ငံ အကျိုးပြုနိုင်တာထက် စစ်ကောင်စီကြောင့် အာဆီယံအဖွဲ့ရဲ့ ညီညွတ်မှု ပျက်ပြားရတာက ပိုဆိုးနေပါတယ်။ ကျွန်မတို့ အားလုံးဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံကနေ ဝင်ရောက်ဖြေရှင်းပေးဖို့ မျှော်လင့်ကြပေမဲ့ အာဆီယံက ဒီလိုလုပ်ပေးနိုင်တဲ့ အခြေအနေမရှိပါဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ခေါင်းဆောင်မှုပေးနိုင်မဲ့သူမျိုး လိုအပ်နေပါတယ်"

ဒါကတော့ USIP အဖွဲ့က မြန်မာ့အရေး ကျွမ်းကျင်သူ မစ္စ Prisilla Clapp က ပြောသွားတာပါ။

အခုဆိုရင် မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဟာ အရင်က စစ်ရေးပဋိပက္ခမရှိခဲ့တဲ့ ဗမာလူများစု နယ်မြေတွေကိုပါ ပျံ့နှံ့လာနေကြောင်း၊ နယ်စပ်ဒေသတွေမှာ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေဟာလည်း ပိုမိုကျယ်ပြန့်လာပြီး၊ မြန်မာ့အရေး အဖြေရှာတဲ့နေရာမှာ EAO တွေကိုပါ ထည့်စဉ်းစားရတဲ့ အခြေအနေ ရောက်လာကြောင်း၊ အခုဆိုရင် ရွေးကောက်ခံ အမတ်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးညီညွတ်ရေးအစိုးရ၊ PDF တပ်ဖွဲ့တွေ၊ CDM လှုပ်ရှားသူတွေ စုစည်း ပါဝင်တဲ့ အာဏာသိမ်း ဆန့်ကျင်ရေး အင်အားစုတွေဟာ စုစည်းညီညွတ်မှုမရှိဘဲ ဖြစ်နေကြောင်းနဲ့ အားလုံးပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လိုကြောင်း၊ လက်ရှိအချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ မရှိတဲ့အကြောင်းနဲ့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်နဲ့ အာဆီယံအဖွဲ့တွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေကြောင့် မြန်မာ့အရေးအတွက် နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်မှုတွေ မထိရောက်ဘဲ ဖြစ်နေရတဲ့အကြောင်း USIP က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ အဓိက သုံးသပ်ချက်တွေအနေနဲ့ ဖော်ပြထားပါတယ်။