PDF တွေ လက်နက်ချဖို့ ရပ်ကွက်တွေထဲ လိုက်လံကြေညာနေ

မန္တလေးတိုင်းအတွင်းက မြို့နယ်အလိုက် ရပ်ကွက်တွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF အဖွဲ့တွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့ဆိုပြီး လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်လောက်ကတည်းက မန္တလေးမြို့ရဲ့ ရပ်ကွက်တွေထဲ ညဘက်တွေ ဆိုရင် စစ်ကားနှစ်စီး လုံခြုံရေးလိုက်ပါကာ အိမ်စီးကားတစ်စီးပေါ်ကနေ အခုလို လိုက်လံ ကြေညာနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ကိစ္စတွေပြီးရင် ပါတီစုံရွေးကောက်ပွဲ လုပ်မယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျင်းပပြီး အနိုင်ရတဲ့ပါတီကို လွှဲအပ် သွားမယ်ပေါ့၊ ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့ဆိုတာတွေပါတယ်။ pdf တွေ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ဖို့ဆိုပြီး ကားတွေနဲ့ လှည့်ကြေညာနေတာ၊ သူတို့ဘာသာ အော်နေတာ၊ ဘယ်သူမှလည်း စိတ်မဝင်စားပါဘူး"

အခုလို လိုက်လံအသိပေးကြေညာနေတယ်ဆိုပေမဲ့ လမ်းပေါ်မှာအော်ပြီးတဲ့နောက် ကားတွေကို တန်းမောင်းသွားကြတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ PDF အပါအဝင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချပြီး ပြည်သူ့ဘဝကို ပြန်ဝင်ရောက်ဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က သတင်းထုတ်ပြန်ပြီး ကမ်းလှမ်းထားခဲ့ပါတယ်။

အဲဒီလိုကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့ PDF တွေက လက်ခံသွားမှာ မဟုတ်ဘူးလို့ PDF အဖွဲ့အချို့က RFA ကို ဇွန်လ ၁၂ ရက်နေ့က ပြောကြားထားပါတယ်။