အနိုင်ရပါတီတွေနဲ့ ဆက်ဆံရေးမူဝါဒ ရခိုင်အမျိုးသားပါတီ ဆွေးနွေး

0:00 / 0:00

ရခိုင်အမျိုးသားပါတီ(ANP)က လာမယ့်အစိုးရသစ်လက်ထက်မှာ ပါတီရဲ့ ရပ်တည်ချက်နဲ့ ရခိုင်တစ်မျိုးသားလုံး ရဲ့အကျိုးစီးပွားအပေါ်မှာမူတည်ပြီးမှသာ ရွေးကောက်ပွဲအနိုင်ရပါတီတွေနဲ့ ဆက်ဆံသွားဖို့ ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံရေးကော်မတီတစ်ရပ်ကိုဖွဲ့စည်းသွားမှာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ဒုတိယ ဥက္ကဌ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

"အဓိကတော့ အနိုင်ရပါတီနဲ့ဆက်ဆံမှုအခြေအနေတွေပါ၊ ပြီးရင် ဆက်ဆံရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်ဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်၊ ဆက်ဆံရေးနဲ့ပတ်သက်လို့တော့ ကျမတို့ရဲ့ ဖွဲ့စည်းပုံဟာ မူဝါဒ စည်းကမ်းတွေ၊ ပါတီဆုံးဖြတ်ချက်တွေ၊ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်တဲ့အတိုင်းဆက်ဆံသွားမယ်ဆိုတဲ့ ယေဘုယျဆုံးဖြတ်ချက်ကိုတော့ ကျမတို့ ချမှတ်နိုင်ခဲ့ပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP)က ပြည်နယ်လွှတ်တော်အတွက် ၂၂ နေရာနဲ့ ရခိုင်ပြည်နယ်မှာ နေရာအများဆုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ လာမယ့်အစိုးရသစ်လက်ထက်မှာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွေကို သုံးရက်တာကျင်းပပြုလုပ်နေတာပါ။

မနက်ဖြန်ကျင်းပမယ့် ပါတီဗဟိုကော်မတီအစည်းအဝေးမှာ အနိုင်ရပါတီနဲ့ ဆက်ဆံမယ့် ဆက်ဆံရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းသွားဖို့ရှိသလို အစည်းအဝေးနောက်ဆုံးနေ့မှာ ပါတီရဲ့ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သီခြားဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။