တပ်မတော်နဲ့ AA တိုက်ပွဲပေါင်းတစ်ရာကျော်ရှိနေပြီလို့ AA ပြော


2019.03.09
aa-622.JPG စစ်ရေးလေ့ကျင့်နေတဲ့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ
Photo: Elizabeth/RFA

တပ်မတော်က စစ်တိုင်း ၅ ခု မှာ အပစ်ရပ် ၄လ ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားပြီး တပ်မတော်ဘက်က ၂၀၀ ခန့် ကျဆုံးခဲ့တယ်လို့ AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောပါတယ်။

တပ်မတော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့တုန်းက စစ်တိုင်း ၅ ခုမှာ အပစ်ရပ်ဖို့ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ AA ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် အခုချိန်ထိ တိုက်ပွဲပေါင်း ၁၀၀ကျော်သွားပြီလို့ ခိုင်သုခက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က အယောက် ၂၀၀ကျော် ကျဆုံးပြီး ရက္ခိုင့်တပ်မတော် AA ဘက်က  ၁ ဦးလောက်သာ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရာတာ ၅ ဦး လောက်ရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း  တပ်မတော်ဘက် ကျဆုံးမှုတွေ များခဲ့တယ်လို့ AA ဘက်က ပြောတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

မတ်လ ၅ ရက်နေ့နောက်ပိုင်းမှာ တပ်မတော်က ထိုးစစ်ဆင်လာပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊မြောက်ဦးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွား နေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေသလို့ ကျောက်တော်မြို့နယ် အထက်မြက်နု ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာကြောင့် မြောက်ဦး၊ ကျော်တော်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြန်ဆိုရွာမှာ တပ်မတော်ဘက်က စကခ ၅ လက်အောက်ခံ ခမရ ၅၄၂က ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစပြီး ၈ရက်နေ့အထိ ထိုးစစ်ဆင်တာကြောင့် ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးကျဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ရက္ခိုင့်တပ်မတော် ပြောရေးဆိုရှိသူ ခိုင်သုခက ပြောပါတယ်။

"၃ ရက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ် မတ်လ ၇ ရက်နေ့ ပြင်ဆိုရွာအနောက်ဖက် ၅ ကီလိုမီတာလောက်မှာ ဖြစ်တဲ့တိုက်ပွဲမှာတော့ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ခမရ ၅၄၂ ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးခန့် ကျဆုံးတာရှိတယ်"

အလားတူ မနေ့တုန်းကလည်း ကျောက်တော်မြို့နယ် ဗုဒ္ဓေါရွာနဲ့ မြောက်ဦးမြို့နယ် ကျောက်ပေါက်ရွာ အနောက်ဘက် တောင်ကြောပေါ်မှာ တပ်မတော်ဘက်က တပ်မ ၂၂ကတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ၁၀ ဦး ကျော်လောက် ကျဆုံးခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီတိုက်ပွဲတွေမှာ တပ်မတော်ဘက် ကျဆုံးတာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲ၁၀၀ကျော်ကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည် တစ်သောင်းကျော်သွားပြီ ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေဖြစ်နေတာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော် AA ကို အပြုတ်တိုက်ဖို့အမိန်ပေးတာကြောင့်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"ကျွန်တော် အရင်ကတည်းကပြောပြီးသားဗျ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ ကြေညာချက်လည်း ထုတ်ပြန်ပြီးပြီ ဒါပေမဲ့လို့ အခုက တိုက်ပွဲတွေဖြစ်ရတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော်ကို အပြုတ်တိုက်ပါလို့ အမိန့်ပေးတဲ့အတွက်ကြောင့် ဖြစ်နေတာ အဲတာကြောင်မို့ တကယ်ငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူပြောထားတဲ့စကားကို ရုပ်သိမ်းဖို့လိုတယ်"

တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းရေးအတွက် ရက္ခိုင့်တပ်မတော်ဘက် ဆွေးနွေးဖို့ဆန္ဒရှိနေသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးရာမှာ အဆင်ပြေတဲ့အခြေအနေတော့ မရှိသေးဘူးလို့ ခိုင်သုခကပြောပါတယ်။

ရခိုင်လူမျိုးစုများ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အဲဒီက စစ်ဘေး ဒုက္ခသည်တွေကို အစိုးရက IDP စစ်ဘေးရှောင်အဖြစ် အသိအမှတ်မပြုတာကြောင့် သူတို့တွေ စားဝတ်နေရေးဟာ အခက်အခဲတွေရှိလာတယ်လို့ ပြောပါတယ်။

"အစိုးရက အခု စစ်ဘေးရှောင်တွေကို IDPလို့ အသိအမှတ်မပြုတဲ့ ပြဿနာပေါ့လေ သူတို့က စစ်ဘေးရှောင်တွေကို ယာယီ ထွက်ပြေးတိမ်းရှောင်နေတဲ့လူတွေလို့ သဘောထားနေတာ ကူညီထောက်ပံ့မှုကလည်း တစ်ကြိမ်လောက်ပဲ ရှိသေးတာပေါ့။ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ တစ်ကယ်လို့သာ IDP လို့ သတ်မှတ်လို့ရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အထိ သူတို့ကို နေရာထိုင်ခင်းတွေကော စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကော တောက်လျှောက်ရှိမှာပေါ့ အဲလို မသတ်မှတ်တော့ နိုင်ငံတကာဘက်က အကူညီပေးဖို့ အကန့်အသတ်တွေရှိနေတယ် ရှေရှည်မှာမလွယ်ဘူး ဒီထက် ဒုက္ခရောက်ဖို့ရှိတယ်"

ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးနဲ့ ကျော်တော်မြို့နယ် အထက်မြတ်နုရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းကို ထွက်ပြေးလာတဲ့ ဘုရားကြီးရွာသား ကိုမောင်နေအောင်က အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

"အိပ်ယာခင်းတွေ ဘာတွေလည်း မပါကြဘူး နေရထိုင်ရတာ အဆင်မပြေဘူး အမိုးတွေအခင်းတွေ လိုတယ် နောက်ပြီးရင် အဝတ်တွေအစားတွေ လိုတယ်"

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်၀ ဒေသမှာ  တပ်မတော်ဘက် က တပ်မ ၂၂၊ တပ်မ ၅၅နဲ့ တပ်မ ၆၆၊ တပ်မ ၉၉ စတဲ့ တပ်တွေနဲ့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာချုပ်လက်အောက်က စခက ၅၊ စကခ ၉ နဲ့ စကခ ၁၅ စတဲ့တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ဖို့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။