ကျောက်တော်သားတစ်ဦးကို တပ်က သတ်တယ်ဆိုတဲ့ကိစ္စ တပ်မတော်နဲ့ ရဲ စစ်ဆေးနေ

မင်းသိန်းအောင်
2021-01-08
Share

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စုံစမ်းစစ်ဆေးနေပြီလို့ မိသားစုက ဒီနေ့ပြောပါတယ်။

ကျောက်တော်မြို့က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂ ရက်နေ့ကဖမ်းသွားပြီး နောက် ၅ ရက်အကြာမှာ ( သူ့ရဲ့ ) ရုပ်အလောင်းကို ကုလားတန်မြစ်ကမ်း ဘေးမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မိသားစုတွေက လူသတ်အလောင်းဖျောက်မှုနဲ့ ကျောက်တော်ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ (လူသတ်မှု) နဲ့၊ ပုဒ်မ ၂၀၁ ပြစ်မှုကျူးလွန်တာကို ကာကွယ်ဖို့ သက်သေခံကို ဖျောက်ဖျက်မှုတွေနဲ့ ဖြစ်ပါတယ်။

ဒါကြောင့် အမှုအတွက် မျက်မြင်သက်သေ နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သလို မနေ့က ဇန်နဝါရီလ ၇ ရက်နေ့မှာလည်း နယ်မြေခံတပ်မတော်တပ်ရင်း တာဝန်ရှိသူတွေက မြို့မရွှေကျောင်းမှာ မျက်မြင်သက်သေ ၂ ဦးကို ထပ်မံစစ်ဆေးခဲ့ပါတယ်။

ဦးကျော်လှိုင်ဟာ အသတ်မခံရခင်က မိသားစုဝမ်းရေးအတွက် ပုလင်းခွံ ဘူးခွံရောင်းပြီး အသက်မွေးဝမ်း ကျောင်းတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့သိတဲ့ ပုလင်းခွံ၊ ဘူးခွံအဝယ်ဒိုင်ပိုင်ရှင် ဦးအောင်ကျော်ဦးကို မျက်မြင်သက်သေအဖြစ် ခေါ်စစ်တဲ့အတွက် ဦးကျော်လှိုင်ကို ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့မှာ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးသွားတာကို ကိုယ်တိုင်မြင်ထားတဲ့အတိုင်း ထွက်ဆိုထားတယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော့ဆီကို သံဆိုးသံပျက်တွေ ရောင်းဖို့လာတဲ့အခါ အဲဒီနေ့ညနေမှာပဲ တပ်မတော်စစ်ကြောင်းက လမ်းမအတိုင်းလာတဲ့အခါကျတော့ စစ်ကြောင်းလာတယ်ဆိုပြီးတော့ ကျွန်တော်တို့က ခြံတံခါးတွေ ပိတ်ပြီးတော့ အထဲမှာဝင်နေကြတယ်။ လမ်းတလျှောက်မှာရှိတဲ့လူတွေပေါ့လေ။ အဲဒီအချိန်မှာပဲ ဦးကျော်လှိုင်က လာရင်းလာရင်းနဲ့ ကျွန်တော့အိမ်ရှေ့ကိုရောက်တဲ့အခါမှာ စစ်ကြောင်းနဲ့ ထိပ်တိုက် တိုးတော့ စစ်ကြောင်းက သူ့ကိုခေါ်တာပေါ့။ မင်းဘာလဲ ဘယ်လဲဆိုပြီး ၃ မိနစ်လောက် မေးပြီးတော့မှ သူ့ကိုခေါ်ယူသွားတာ။ ရွှေကျောင်းဓမ္မာရုံထဲကို ခေါ်ယူသွားတယ်။ ကျွန်တော်ကတော့ အိမ်ထဲကနေပြီး သူ့ကိုလှမ်းမြင်နေရတာ။ ကျွန်တော်ကတော့ ဒီအတိုင်းပဲထွက်ဆိုထားပါတယ်။”

ဒီအမှုဟာ တပ်မတော်နဲ့ပတ်သက်နေတာဖြစ်လို့ အထက်ညွှန်ကြားချက်အရ မျက်မြင်သက်သေတွေကို လာရောက်မေးမြန်းတာလို့ တပ်မတော်အရာရှိတွေက ပြောတဲ့အကြောင်းနဲ့ ဖမ်းခေါ်သွားတယ်လို့ စွပ်စွဲခံထားရတဲ့ နေရာတွေကိုပါ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူသွားတယ်လို့ ဦးအောင်ကျော်ဦး ကပြောပါတယ်။

နောက်ထပ်မျက်မြင်သက်သေတစ်ဦးကတော့ အဲဒီအချိန်က တပ်မတော်စစ်ကြောင်းစခန်းချခဲ့တဲ့ မြို့မရွှေကျောင်းက ဆရာတော် ဦးစန္ဒိမာဖြစ်ပါတယ်။

ဆရာတော် ဦးစန္ဒိမာက နောက်ပြန်ကြိုးတုပ်ပြီးတော့ ချည်နှောင်ခံထားရတဲ့ ဦးကျော်လှိုင်ကို ကျောင်း အောက်မှာ တွေ့ခဲ့ရတဲ့အကြောင်း ရဲတပ်ဖွဲ့ထံမှာရော မနေ့က တပ်မတော်အရာတွေထံမှာပါ ထွက်ဆို ထားတယ်လို့ မိန့်ပါတယ်။

“မနက်မိုးလင်းရင် ဆရာတော်က အမြဲတမ်း ရေချိုးတဲ့အကျင့်ရှိတယ်။ အဲတော့ ၆ နာရီခွဲလောက်မှာ ဆရာတော်က ရေးချိုးဖို့ အောက်ကိုဆင်းတယ်။ ရေချိုးတဲ့နေရာနားမှာ ဦးကျော်လှိုင်က နောက်ပြန် ကြိုးတုပ်ပြီးတော့ အင်္ကျီလည်းမပါဘဲ ပုဆိုးနဲ့ပေါ့။ သူက ဘေးခြေချိုးထိုင်ပြီးတော့ ဆရာတော် ဆရာတော် ဆိုပြီးတော့ လှမ်းခေါ်တယ်။ ဆရာတော်က လှည့်ကြည့်လိုက်တော့ ဦးကျော်လှိုင် မှန်း မမှတ်မိ လောက်အောင်ကို မျက်နှာတွေဖူးရောင်နေပြီးတော့ စကားတောင် ပီပီသသမထွက်တော့ဘူး။ အဲဒီအချိန်မှာပဲ ဆရာတော်ကို စစ်သားတွေက ဝိုင်းပြီးတော့ ကြည့်နေကြတယ်။”

ဇူလိုင်လ ၃ ရက်နေ့မှာ ဆရာတော်က တွေ့ရှိခဲ့ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဦးကျော်လှိုင်ကို မမှတ်မိတော့ဘဲ သူ့အလောင်းကို ရတဲ့အချိန်ကျမှ ဖြစ်စဉ်တွေကို ဆက်စပ်ပြီးတော့ ဦးကျော်လှိုင် ဆိုတာကို သိခဲ့ရတာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

အဲဒီနေ့ညမှာပဲ ဦးကျော်လှိုင်ရဲ့ ညည်းတွားသံတွေကို ဘေးချင်းကပ် ခြံဝင်းထဲမှာရှိတဲ့ သီလရှင် ဆရာလေးတို့ရဲ့ ကျောင်းသင်္ခန်းကနေကြားခဲ့ရသလို ဇူလိုင်လ ၄ ရက်နေ့မှာ အဲဒီကျောင်းကနေ စစ်ကြောင်း ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။

ဦးကျော်လှိုင်ဟာ အဖမ်းခံရပြီး နောက်တစ်နေ့မှာ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်စုချေ က မြို့မရွှေကျောင်း ဓမ္မာရုံထဲကို ချောင်းမြောင်းကြည့်ရာမှာ ကျောင်းဝင်းထဲက ငှက်ပျောပင်နားမှာ ကြိုးနဲ့ ချည်နှောင်ထားတဲ့ သူ့အမျိုးသားကို မြင်ရကြောင်း၊ သူ့အမျိုးသားမှာ အင်္ကျီပါမသွားလို့ ရှင်းရှင်းလင်းလင်း မှတ်မိကြောင်း၊ အဲဒီအချိန်က ကျောင်းထဲမှာရှိနေတဲ့ တပ်မတော်သားတွေဆီမှာ သွားတောင်းပေမယ့် ဖမ်းထားတာ မရှိဘူးလို့ငြင်းဆိုပြီး နောက်တစ်ကြိမ်လာပြောရင် ပစ်သတ်ခံရမှာဖြစ်ကြောင်း စသဖြင့် ပြောဆိုတာကြောင့် ပြန်လာခဲ့ရတယ်လို့ ဒေါ်စုချေက ဇူလိုင်လ ၁၅ ရက်နေ့ကစစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုထားပါတယ်။

ဇူလိုင်လ ၇ နဲ့ ၈ ရက်နေ့မှာတော့ ပီနံအိတ်နဲ့ ထုပ်ထားတဲ့ ဦးကျော်လှိုင်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တပ်မတော်စစ်ကြောင်း စခန်းချခဲ့တဲ့မြို့မရွှေကျောင်းရဲ့ အရှေ့ဘက် မီတာ ၁၀၀ ကျော်အကွာ ကုလားတန် မြစ်ကမ်းဘေးမှာ တွေ့ခဲ့တာလို့ပြောပါတယ်။

သူ့အမျိုးသားခြေထောက်မှာ ဝတ်ဆင်ခဲ့တဲ့ သားရေကွင်းနဲ့ လက်မောင်းမှာ သမီးဖြစ်သူ စုလှိုင်ဝင်း အမည်ကို တက်တူးရေးထားတဲ့ အမှတ်အသားတွေကြောင့် သူ့အမျိုးသား ဦးကျော်လှိုင်ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့တာလို့ ဇနီးသည် ဒေါ်စုချေက ပြောထားပါတယ်။

အမှုစစ်ဆေးနေတာနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းမှူးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဖြစ်စဉ်ဟာ စွပ်စွဲချက်သာ ဖြစ်နိုင်တယ်လို့ မနှစ်က ဇူလိုင်လ ၁၅ ရက်နေ့ မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

“ကျောက်တော်ဆိုရင်တော့ ကျွန်တော်မြင်တာကတော့ ဖမ်းဆီးတဲ့လူမရှိဘူး။ အရပ်သားတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့တဲ့ကိစ္စတွေရှိရင် ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးလျက် ရှိပါတယ်။ ဖမ်းဆီးရင် ဖမ်းဆီးခဲ့တဲ့အကြောင်းကို သတင်းထုတ်ပြန်ပေးလျက်ရှိပါတယ်။ အခုက ကျွန်တော်တို့ မဖမ်းဆီးဘဲနဲ့ စွပ်စွဲချက်ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့လေ။ ဒါမျိုးစွပ်စွဲချက်တွေကတော့ ပြုလုပ်နေ ကျဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဖမ်းဆီးခဲ့ရင် ဖမ်းဆီးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပေးတာတို့၊ ပြန်လွတ်ရင် ပြန်လွှတ်တဲ့အကြောင်း သတင်းထုတ်ပြန်ပေးတာတို့ကို ကျွန်တော်တို့ ဆောင်ရွက်လျက် ရှိပါတယ်ဗျ။”

ဒီအမှုကိစ္စနဲ့ပတ်သက်လို့ အလောင်းတွေ့တဲ့အချိန်က ရဲတပ်ဖွဲ့က စစ်ဆေးတာတွေရှိခဲ့ပေမယ့် ကြန့်ကြာ နေတာကြာင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကတစ်ခါ ဇနီးသည်က ရဲစခန်းမှာ ထပ်မံ တိုင်တန်း ထားပါတယ်။ တစ်ဆက်တည်းမှာပဲ တပ်မတော်စစ်ကြောင်း စခန်းချခဲ့တဲ့နေရာမှာ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ခဲ့တဲ့ ရဲတပ်သားတွေ ဆောင်းတဲ့ ဦးထုပ်တစ်လုံးကိုပါ သက်သေခံ ပစ္စည်းအဖြစ် တင်သွင်းထားပါတယ်။

ဦးကျော်လှိုင်ရဲ့ဇနီးဒေါ်စုချေက သူ့အနေနဲ့ တရားမျှတမှုကို လိုချင်တယ်လို့ပြောပါတယ်။

“ကျွန်မ အမျိုးသားကို ခြေလက်တွေဖြတ်ပြီး သတ်ဖြတ်ခဲ့သူတွေကို အရေးယူပေးစေလိုပါတယ်။ တရားမျှတမှုရှိအောင် အပြစ်ပေးစေချင်ပါတယ်။ ကျွန်မအမျိုးသားကို ဘာမှအပြစ်မရှိဘဲနဲ့ အခုလိုသတ်ဖြတ်လိုက်ကြတဲ့ကိစ္စအတွက် မျှတမှုရဖို့ နိုင်ငံတကာကလည်းကူညီပေးစေချင်ပါတယ်။”

RFA စုဆောင်းထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွေမှာ စစ်ပွဲတွေဖြစ်ခဲ့တဲ့ ၂ နှစ်အတွင်း သေဆုံးတဲ့အရပ်သား ၃၀၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀၄ ဦးအထိရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့