တပ်က ဖမ်းပြီး နှိပ်စက်ခဲ့တယ်လို့ မြောက်ဦးက လူငယ်တစ်ဦး ပြော
2020.07.28
မြောက်ဦးမြို့နယ် နရန်းကျေးရွာမှာ မနေ့က နေ့လယ်ပိုင်း တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက်မှာ တပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။
ဖမ်းဆီးရိုက်နှက်ခံရသူဟာ မြောက်ဦးမြို့နယ် ပါးတော်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုထွန်းထွန်းဝင်း ဖြစ်ပါတယ်။
သူဟာ မင်းပြားမြို့ကနေ ဈေးသွားဝယ်ပြီး ပြန်လာချိန် လမ်းမှာ တပ်မတော်စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီး ခံရတာဖြစ်တယ်လို့ ကာယကံရှင်က RFA ကို ပြောပါတယ်။
ထိန်းသိမ်းခံနေရချိန်မှာ တပ်က သူ့ရဲ့လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့သလို ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင် ဟုတ်၊ မဟုတ် မေးမြန်းပြီး တပ်မတော်သား သုံးယောက်က ထိုးကြိတ်ခဲ့တာကြောင့် သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဝိုင်းဝန်းထိုးကြိတ်ပြီးနောက် ၃ နာရီလောက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်က အရပ်သားတွေကို အခုလို မသင်္ကာလို့ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ အပြင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများအပြား လုပ်ဆောင်နေတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာစတဲ့ အရေအတွက်တွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးနေတာပါ။
RFA ကရရှိထားတဲ့ စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က ဇူလိုင်လ ၂၇ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သား ၅၉၃ ဦး အထိ ရှိနေပါတယ်။