အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ရာမှာ ရွာသားတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.12.04
army_kia_305 ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲတွင် ညာဘက်ဒူးမှာ ဒဏ်ရာရရှိခဲ့တဲ့ ရှဒူးဇွပ်ရွာက မောင်ရန်နိုင်ကို တွေ့ရစဉ်
Photo: RFA

မနေ့က ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်က ရှဒူးဇွပ်ကျေးရွာ မောချယ်ရီစားသောက်ဆိုင်ရှေ့မှာ တပ်မ ၈၈ လက်အောက်ခံလှုပ်ရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လီဒိုလမ်းဘေး နောင်းမြီ ရွာလယ်ကွင်းထဲမိသားစု စပါးရိတ်နေချိန် ကျည်ထိမှန်ခဲ့ပြီး ညာဘက်တံတောင်ဆစ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နမ္မတီးဒေသ သူဋ္ဌေးကုန်းကျေးရွာက အသက် ၁၁ နှစ်အရွယ် တတိယတန်း ကျောင်းသား မောင်ကျော်မင်းလတ်ရဲ့ ဖခင်က  အခုလို ရှင်းပြပါတယ်။

"မိုင်းလား သေနတ်လားမသိဘူး၊ ကျနော်လည်း သတိမထားမိဘူး၊ ရွာထဲမှာ တိုက်ပွဲဖြစ်ကြတာ ကေအိုင်အေနဲ့ ဖြစ်ကြတာ ဗမာစစ်သားနဲ့ တွေ့ရာပစ်သစ်တာ သူတို့၊ စပါးရိပ်ရင်းနဲ့ တိုက်ပွဲဟိုးအရှေ့မှာ ဖြစ်ကြတယ်ဆိုတော့ ကျနော့်သားသမီးမိသားစုတွေအားလုံး ဝပ်ကြတဲ့အချိန်မှာ ထိသွားတာ နောက်မြီး ကွင်းကျတာပေါ့"

ရှဒူးဇွပ်ရွာက အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင်ရန်နိုင်ရဲ့ဖခင်က မနေ့က နေ့လည်ပိုင်းမှာ ကျည်ဆံထိမှန်မှုကြောင့် ညာဘက်ခြေထောက်မှာ မောင်ရန်နိုင် ဒဏ်ရာရရှိခဲ့ပုံကို ပြောပြပါတယ်။

"တဒိုင်းဒိုင်းနဲ့ ဝင်ပစ်လာတာပဲ သိလိုက်တယ်၊ ကျနော့်သားကတော့ ၁၂နာရီခွဲ ကျောင်းဆင်းလာတာ ထမင်းတောင် မစားရသေးဘူး၊ ခြံထဲမှာ ကလေးတွေသေနတ်သံကြားတော့ အဲထဲထည့်ထားလိုက်တာ၊ ဒဏ်ရာကတော့ သေနတ်ဒဏ်ရာတွေ့တာပဲ၊ လက်နက်ကြီးတွေ မိုင်းတွေတော့ အဲလောက်လဲ ကျနော်တို့လဲမသိဘူး၊ ခုတော့ သိပ်တော့စိုးရိမ်စရာမရှိဘူး၊ ခွဲတော့ခွဲရမယ်လို့ပြောတာပဲ၊ အဲလောက်ပဲကျနော်တို့သိသေးတာ၊ ဆေးရုံးကိုရောက်တယ်"

ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မူလတန်းကျောင်းသား ကလေးငယ် ၂ဦးနဲ့ တင်ပဆုံမှာ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ဋ္ဌေးကြွယ်ဆိုသူ အမျိုးသမီးတို့ဟာ မြစ်ကြီးနားဆေးရုံပေါ်မှာ ခွဲစိတ်ကုသခံနေတယ်လို့သိရပြီး ရှဒူးဇွပ်ရွာသား ဦးဂွန်ထပ်နော် ဆိုသူကတော့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နမ္မတီး - တနိုင်း လီဒိုလမ်းတလျှောက်မှာ ရှိတဲ့ လွယ်လျန်၊ ဝါရာဇွပ်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ ကျေးရွာတွေတဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။