တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ဓါတုလက်နက်တွေ အသုံးပြုနေတယ် ဆိုတဲ့ ပြောဆိုမှုတွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်မှာ ရှိလည်း မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေအတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာဖြစ်ပါတယ်။
"ကျနော်တို့အပေါ်မှာ စွပ်စွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုမှ တိုက်ခိုက်နေတဲ့အပေါ်မှာ ဓါတု လက်နက်တွေ သုံးတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး၊ ရှိလည်း မရှိပါဘူး၊ မကြာသေးခင်ကာလ ကျနော်ကို အနောက်နိုင်ငံ သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုလာပြီးတွေ့ပါတယ်၊ ကျနော့်ကို မေးပါတယ်၊ ခင်ဗျားတို့ ဆီမှာ ဓါတုဗေဒ အဆိပ်သင့်လက်နက်တွေရှိတယ်လို့ သုံးနေတယ်လို့ပြောတယ်၊ အဲ့ဒါဘယ်လိုမှတ်ချက်ပေး ချင်သလဲ မေးတဲ့အခါမှာ ခင်ဗျားကြိုက်သလို စုံစမ်းလို့ရတယ် ဆိုတော့ ကြိုက်သလိုလုပ်ပါလို့ ခင်ဗျားသံသယ ရှိတဲ့နေရာ ကျနော်ကိုပြပါ၊ ကျနော်အကုန်လုံးပြဖို့ အဆင့်အသင့်ရှိတယ်၊ သို့သော်လည်းပဲ လျှို့ဝှက်အပ် တဲ့နေရာအတွက် ကျနော်တို့တွေက ပြလို့တော့မရဘူး၊ ကျန်တဲ့ဟာတွေ ခင်ဗျားတို့ကို အသိပေးမယ်လို့ ကျနော်ကပြောတယ်"
ဓါတုလက်နက် မပြန့်ပွားဖို့အတွက် တပ်မတော်အနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်နေပြီး ဓါတုလက်နက် အသုံးပြုမှုမရှိကြောင်း ကုလသမဂ္ဂကိုလည်း တရားဝင် ပြောကြားထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်လောက်က ဓါတုလက်နက်ထုတ်လုပ်ဖို့ သုသေတန ပြု လုပ်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အနုမြူ လက်နက်တွေဝယ်ဖို့ တပ်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာလည်း မှားနေကြောင်း တပ်မတော်အနေနဲ့ စိတ်ကူးစိတ်သန်း မရှိကြောင်းလည်း ပြောပါတယ်။ အနုမြူ နည်းပညာဟာ လူသားတွေအကျိုး အတွက်သာ ဖြစ်ရမယ်ဆိုတဲ့ သဘောထားမျိုးသာ တပ်မတော်မှာရှိကြောင်းလည်း ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစိုးရဌာနဝန်ထမ်း ၈ဝဝ ကျော်နဲ့ တွေ့ဆုံ ခဲ့ပြီး ကျောင်းသုံးကွန်ပျူတာတွေကို ကျပ်သိန်း ၁၇ဝဝ ကျော်ဖိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။