စစ်တွေမှာ စစ်တပ်အရာရှိ အဖမ်းခံရပြီးနောက် ရေကြောင်းသွားလာခွင့်ပိတ်ပင်

2022.06.24
Share on WhatsApp
Share on WhatsApp
စစ်တွေမှာ စစ်တပ်အရာရှိ အဖမ်းခံရပြီးနောက် ရေကြောင်းသွားလာခွင့်ပိတ်ပင် စစ်တွေမြို့ ကုလားတန်မြစ်ထဲမှ လှေများအား တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၃ ရက် မနေ့က စစ်ကောင်စီ ရေတပ်ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် စစ်တွေမြို့ကနေ ရေကြောင်းသွားလာခွင့်တွေကို ဇွန်လ ၂၄ ရက် ဒီနေ့မနက်ကစပြီး စစ်ကောင်စီက ပိတ်ပင် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရေကြောင်းအာဏာပိုင်တွေ ပါဝင်တဲ့အဖွဲ့က ဒီနေ့မနက်ပိုင်းက စလို့ ကုလားတန်မြစ်ဘက်ကို ထွက်ခွာခွင့် ပိတ်ပင်ထားတာလို့ ဒေသခံလှေသမားတစ်ဦး ဖြစ်တဲ့ ကိုဝေသာထွန်းက ပြောပါတယ်။

"ဟုတ်ပါတယ်၊ ရေကြောင်းသွားလာခွင့် အကုန်ပိတ်ထားတာပါ။ ရသေ့တောင်၊ ပေါက် တောမြို့နယ် အဲဒီလိုနေရာတွေကနေ စက်လှေတွေနဲ့ ကုန်ရောင်းကုန်ဝယ်လာတဲ့အခါ မှာ စက်လှေတွေက စစ်တွေဆိပ်ကမ်းအထိ ကပ်လို့မရဘူး။ ကုလားတန်မြစ်ထဲမှာပဲ ကျောက်ချထားတာ။ အဲတော့ ကျနော်တို့လှေတွေက ဆိပ်ကမ်းကနေ စက်လှေတွေဆီကို လူနဲ့ ကုန်တွေ သယ်ပို့ပေးတာ။ အခု အဲဒီလိုလုပ်ခွင့် မရှိဘူးဆိုတော့ ကျနော်တို့တွေ ဘာလုပ်စားရတော့မလဲ မသိတော့ဘူး"

ဒေသခံလှေသမားတွေက ဒီနေ့မနက်အစောပိုင်းက အလုပ်လုပ်နေကျဖြစ်တဲ့ ကုလားတန် မြစ်ကမ်းဘေးမှာရှိတဲ့ စစ်တွေစျေးဆိပ်ဘက်ကို သွားကြရာမှာ ဆတ်ရိုးကျ တံတားအလွန် ချောင်းအဝင်ဝမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ချိန်ပြီး ပြန် လှည့်ခိုင်းခဲ့သလို လိုက်နာမှုမရှိရင် ပစ်ခတ်ခံရမှာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ လှေသမားတွေက ပြောပါတယ်။

အခုလို ပိတ်ပင်မှုကြောင့် စစ်တွေမြို့မှာရှိတဲ့ စက်လှေတွေအပြင် သမ္ဗန်လှေအစီး ၃၀၀ ကျော် ရပ်နားထားရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက မြစ်ကြောင်းသွားလာခွင့်ကို ဆက်လက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသခံ သမ္ဗန်လှေသမားတွေအတွက် စားဝတ်နေရေးအခက်ကြုံလာမှာကို စိုးရိမ်နေရတယ်လို့ လည်း ဒေသခံလှေသမားတွေက ပြောပါတယ်။

မြစ်ကြောင်းသွားလာခွင့် ပိတ်ပင်ခံထားရတာကြောင့် စစ်တွေမြို့ကနေ ရခိုင်ပြည်နယ် အတွင်းက မြို့အသီးသီးကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်ရေကြောင်းလိုင်းအပါအဝင် ရေကြောင်းခရီးစဉ်တချို့လည်း ရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေကြောင်းသွားလာခွင့် ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ် ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်တွေမြို့မှာ စစ်ကောင်စီ ရေတပ်ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး မနေ့က အဖမ်းခံရ ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေကိုပိတ်ပြီး တင်းကျပ်စစ်ဆေးနေသလို ဒေသခံ ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရပ်ကွက်အချို့ကို ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ဇွန်လ ၂၄ ရက် ဒီနေ့မှာ စာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူမရှိတာကြောင့် အချို့ကျောင်း တွေကို ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။