ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နုတ်ထွက်ဖို့ တင်ပြထားတာကို ပြန်စဉ်းစားဖို့ တပ်မတော်ပြော

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေ နုတ်ထွက်စာ တင်ထားတဲ့ကိစ္စကို ပြန်စဉ်းစားဖို့ တပ်မတော် တာဝန်ရှိသူတွေက ဒီနေ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)ရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေး တာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ BGF တပ်ရင်း၂၀၁၁ မှာ ဒီနေ့ တွေ့ကြတာဖြစ်ပြီး တပ်မတော်ဘက်က သက်ဆိုင်ရာ တိုင်းမှူးနဲ့ အရာရှိတွေ ပါဝင်သလို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဘက်က တပ်ဖွဲ့တစ်ခုလုံးရဲ့ ခေါင်းဆောင်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

"စုပေါင်းပြီး နုတ်ထွက်ဖို့ တင်ပြတဲ့အပေါ် လူကြီးတွေက အချိန်ယူပြီး ပြန်စဉ်းစားဖို့ ပြောပါတယ်။ ကျွန်တော်တို့က အဲဒီအပေါ် ပြန်ပြီး ဆွေးနွေးတိုင်ပင်မယ်လို့ အကြောင်း ပြန်ခဲ့ပါတယ်။ လူကြီးတွေက မဖြစ်သင့်တာ မဖြစ်အောင် အချိန်မှီလာပြောတဲ့ သဘောလို့ ယူဆပါတယ်။" လို့ ဗိုလ်မှူး နိုင်မောင်ဇော် ကပြောပါတယ်။

နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ် ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်ညှိနှိုင်းသွားမှာဖြစ်ပြီး အကောင်းဘက် ဦးတည်ဖို့ မျှော်လင့်တယ်လို့ RFA ကိုပြောပါတယ်။

"BGF က တပ်မတော်လက်အောက်မှာ ရှိတယ်၊ တချို့ BGF ခေါင်းဆောင်တွေက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာရှိတယ်၊ တရားဝင်တွေ တရားမဝင်တွေ ရှိတယ်။ အဲဒီဘက်ဒေသဟာ နယ်စပ်ဒေသ ဖြစ်တော့ ပဋိပက္ခ ရှိတဲ့နေရာဖြစ်တယ် အဲလိုနေရာမျိုးမှာ လုပ်တာဟာ ပြည်တွင်း၊ ပြည်ပ ကရော ဝေဖန်နေတယ်။ တပ်မတော်ရော BGF သိက္ခာရော ပုံရိပ်တွေ ကျဆင်းနေတယ်။ ဒါကြောင့် တပ်မတော်က အဲဒီစီးပွားရေးတွေနဲ့ မကင်းတဲ့ တပ်မတော်အရာရှိကြီးတွေကို အငြိမ်းစားပေးပြီး အရေးယူပြီးပြီ။ ဒါကြောင့် BGF က ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်တချို့ကိုပဲ စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ယူနီဖောင်း နဲ့ လုပ်လို့မရဘူး။ နုတ်ထွက်ရမယ်လို့ ပြောခဲ့တာဖြစ်တယ်။ အခုက BGF စစ်သည်တွေရော စစ်သည် မိသားစုဝင်တွေရော တရားဝင် ဂုဏ်သိက္ခာရှိရှိနေနိုင်တဲ့ အခြေအနေဖြစ်တယ်၊ ဒါကြောင့် ခေါင်းဆောင် တချို့ရဲ့ အတ္တကြောင့် ယုတ်လျော့သွားတာ မဖြစ်စေချင်ဘူး။ နယ်မြေမှာလည်း ငြိမ်းချမ်းနေတယ်၊ ငြိမ်းချမ်းနေတဲ့အခြေအနေကို ထိခိုက်လာမှာ မဖြစ်စေချင်ဘူး ဒါကြောင့်မို့ ဆက်လက် ညှိနှိုင်းဆောင်ရွက် နေတာဖြစ်တယ်၊ အကောင်းဘက်ပဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဘက်က နုတ်ထွက်ဖို့ တင်ပြထားတဲ့အထဲမှာ ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့က အရာရှိ ၇၇ ဦး၊ တပ်ရင်း ၁၃ ရင်းက ခေါင်းဆောင် ၂၆ ဦး ပါဝင်တယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။