ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မက်လင်ဂျောင်ကျေးရွာက ကလေးငယ် လေးဦး အပါအဝင် ဒေသခံ ၁၉ ဦးကို ဇွန်လ ၁၁ ရက် မနေ့ညက စစ်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးသလို ဒီနေ့အထိ ပြန်မလွတ် လာကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
"၁၉ ယောက်ဖမ်းခံလိုက်ရတာ အခုချိန်ထိပြန်မလာသေးဘူး။ ဘာမှလည်း အပြစ် လုပ်ထားတာလည်း မဟုတ်ဘူး။ ကလေးငယ် လေးယောက် ပါသွားတယ်။ အသက် ၇၀ ကျော် အဖိုးအဖွားတွေလည်း ပါသွားတယ်။ လူငယ်တွေရော ကလေးအမေတွေရောပဲ"
စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၁၀၀ လောက်က မနေ့ည ၉ နာရီလောက်မှာ မက်လင်ဂျောင်ကျေးရွာကို ရောက်ရှိလာပြီးနောက် ဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက်လေးနှစ်အရွယ် ကလေးနှစ်ဦးနဲ့ အသက် ကိုးနှစ်အရွယ် ကလေးနှစ်ဦးလည်း ပါဝင်သလို CDM ဆရာဆရာမတွေနဲ့ ကျောက်လုပ်နေတဲ့သူတွေပါ ပါဝင်တယ်လို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဖားကန့်မြို့ မက်လင်ဂျောင်ကျေးရွာက အုပ်ချုပ်ရေးမှူးအပါ အမျိုးသား လေးဦးဟာ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ကျေးရွာအနီးမှာ နောက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။
အခု ဒေသခံ ၁၉ ဦး ဖမ်းဆီးခံရတဲ့ကိစ္စဟာ အဲဒီကိစ္စနဲ့ ပတ်သက်မှု ရှိ၊ မရှိကို ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
ဖားကန့်မှာ ဒီနေ့အထိအထိ စစ်ကောင်စီက ဖမ်းဆီးခံထားတဲ့ ဒေသခံ ၆၀ ကျော်ရှိတယ် လို့လည်း ဖားကန့်သပိတ်ကော်မတီဝင်တွေကပြောပါတယ်။