ဥသျှစ်ပင်မှာ စစ်မှုထမ်းဖို့ လူနှစ်ဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ
2024.11.12
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းသွားလမ်းလာ လူငယ် အမျိုးသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥသျှစ်ပင်မြို့အထွက် ပုသိမ်-မုံရွာလမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ အာဏာပိုင်တွေ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးရာကတစ်ဆင့် ဖမ်းဆီးခဲ့တာလို့ ဥသျှစ်ပင်မြို့ခံတစ်ဦးက ပြောပါတယ်။
"ဥသျှစ်ပင်လမ်းဆုံမှာ ဖမ်းတာ၊ ဒီကရဲတောင် သိပ်မပါဘူး။ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ မြို့နယ်အဆင့်က ပါတယ်။ ဆိုင်ကယ်တွေကို တားပြီး ဦးထုပ်ပါလား၊ လိုင်စင်ပါလား မေးပြီးတော့ သူတို့ သဘောကျတဲ့သူ၊ အသက်မီတဲ့သူဆိုရင် စစ်မှုထမ်းဖို့ တစ်ခါတည်း ဆွဲတော့တာ။ အယောက်နှစ်ဆယ် လောက်ပါသွားတယ်"
ဖမ်းဆီးထားသူတွေကို ဥသျှစ်ပင်မြို့အနီး ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ အမြောက်တပ်ထဲကို ခေါ်ဆောင်သွားပြီး စစ်သင်တန်းပို့နိုင်ဖို့အတွက် ကျန်းမာရေးစစ်ဆေးတာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသားတွေဖြစ်ပြီး ဥသျှစ်ပင်မြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ် သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် လိုက်လံဖမ်းဆီး စုဆောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။