ဒါရိုက်တာ ဝိုင်း အဖမ်းခံရ

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကောင်စီက အမှုဖွင့်ခံထားရတဲ့ ရုပ်ရှင် ဒါရိုက်တာ ဝိုင်း ဟာ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က နေအိမ်မှာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဇွန်တောင်မြို့နယ်၊ မဟာဇေယျလမ်းက ဒါရိုက်တာ ဝိုင်းရဲ့ နေအိမ်တိုက်ခန်းကို ၁၂ နာရီမထိုးခင်လောက်က ရဲကားနှစ်စီး၊ စစ်ကား double cab တစ်စီး တို့ ရောက်လာပြီး အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက အတည်ပြုထားပါတယ်။

သူဟာ တခြားနေရာမှာ တိမ်းရှောင်နေရင်း သူ့နေအိမ်တိုက်ခန်းကို ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ကျန်းမာရေး မကောင်းဘူးလို့ ဒါရိုက်တာ သွန်းနေစိုးကလည်း ‌လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါရိုက်တာ ဝိုင်း ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်‌ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမှုဖွင့်ခံထားရပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှုလို့ လူသိများတဲ့ ပုဒ်မ - ၅၀၅ (က) ဆိုတာ ကြည်း၊ ရေ၊ လေ အရာရှိ ဒါမှမဟုတ် တပ်သား တစ်ယောက်ယောက်ကို တပ်တွင်းပုန်ကန်မှု ဒါမှမဟုတ် တာဝန်ဝတ္တရား ပျက်ကွက်အောင် ကြံစည်လှုံ့ဆော်မှုဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း ပုဒ်မ - ၅၀၅ (က) နဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အကယ်ဒမီ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွား၊ ပိုပိုနဲ့ ဝင်းမင်းသန်း စတဲ့ အနုပညာရှင်တွေကို အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချခံထားရပါတယ်။