ကလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီးအချို့ အဖမ်းခံရ၊ နှင်းဆီပန်းပန်သူတွေ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ ဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ပန်းသပိတ်ဆင်နွှဲနေကြသူတွေ ရှိပါတယ်။

အဖမ်းခံရတဲ့အမျိုးသမီးအများစုဟာ စျေးသည်တွေဖြစ်ပြီး အခြားပန်းပန်ထားသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် နှင်းဆီးပန်းပန်ထားသူတွေကို ပြန်မလွှတ်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖမ်းတာက တစ်မြို့လုံးဖမ်းတာ။ ခရေပန်းနဲ့ စံပယ်ပန်း ပန်တဲ့သူတွေကိုပြန်လွှတ်တယ်။ အဓိက နှင်းဆီပန်း ပန်တဲ့သူတွေကိုဖမ်းတာ ပြန်မလွှတ်သေးဘူး"

မြို့ဝင်မြို့ထွက်နေရာတွေနဲ့ လူစည်ကားတဲ့ ကလေးမြို့မစျေးရှေ့လိုနေရာတွေမှာ ပန်းပန်ထားတဲ့ အမျိုးသမီးအများစု အဖမ်းခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူ အရေအတွက်အတိအကျကိုတော့ ဒေသခံတွေအနေနဲ့ မသိခဲ့ရသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

နေပြည်တော်အချုပ်ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့၊ စစ်အာဏာရှင်စနစ်ကိုဆက်ပြီး တွန်းလှန်ကြဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ ဆက်ပြီးတိုက်ပွဲဝင်ကြဖို့လည်း သပိတ်ကော်မတီတွေက တိုက်တွန်းထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက် ၇၅ နှစ်ပြည့်မွေးနေ့နောက်ပိုင်းကစလို့ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက်အအုံတစ်ခုမှာ တစ်ဦးတည်းသီးခြား ထိန်းသိမ်းခံထားရပါတယ်။