မေ ၂၆ ရက် ဒီနေ့မနက် ၁၀ နာရီကျော်လောက်က၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့စျေးကြီးထဲမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူခံနေတဲ့ လူငယ်အဖွဲ့တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပြည်သူ့စစ်နဲ့ ပျူစောထီးလို့ ယူဆရတဲ့ အရပ်ဝတ်နဲ့အဖွဲ့တွေ ရောက်လာပြီး မိန်းကလေး သုံးယောက်နဲ့ အသက်မပြည့်သေးသူတစ်ယောက် အပါအဝင် ယောင်္ကျားလေး နှစ်ယောက်၊ စုစုပေါင်း ငါးယောက်ကို ဖမ်းသွားတာလို့ မူဆယ်မြို့ ဒေသခံလူငယ်တစ်ယောက်က RFA ကို ပြောပါတယ်။
သူတို့နဲ့အတူ စစ်ဘေးရှောင်တွေအတွက် အလှူခံနေတဲ့ အလှူခံပုံး နှစ်ခုနဲ့ ခန့်မှန်းအလှူငွေ ဆယ်သိန်းကျော် ကိုလည်း သိမ်းယူသွားတယ်လို့ သူက ဆိုပါတယ်။
သူတို့ကို ဘယ်ကိုဖမ်းခေါ်သွားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
အဖမ်းခံရတဲ့လူငယ်တွေရဲ့မိဘတွေကတော့ သူတို့သားသမီးတွေအကြောင်း သိလိုတာကြောင့်၊ မူဆယ်မြို့ ရဲစခန်းကို လိုက်လံစုံစမ်းနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။