မလေးရှားမှာ တရားမဝင် မြန်မာနိုင်ငံသား ငါးဆယ်ကျော် ဖမ်းဆီးခံရ
2024.08.02
မလေးရှားနိုင်ငံမှာ ဇူလိုင် ၃၁ ရက်နဲ့ သြဂုတ် ၁ နေ့အထိ နှစ်ရက်အတွင်း တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ငါးဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် အလုပ်သမားတွေက ပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့က ဆလန်ဂေါပြည်နယ် ကလန်းမြို့က အီလက်ထရွန်းနစ် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအပြင် သြဂုတ် ၁ ရက်နေ့ ညကလည်း ဂျိုဟိုးပြည်နယ်က လူနေတိုက်ခန်းတွေမှာနေထိုင်တဲ့ တရားမဝင် မြန်မာနိုင်ငံသား အယောက်သုံးဆယ်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“ဂျိုဟိုးမှာ မနေ့ညက ဝင်တာ။ တိုင်ကြားချက်ကြောင့် ဝင်တာပေါ့လေ။ အထောက်အထား မပြည့်စုံတဲ့မြန်မာတွေ သုံးဆယ်လောက် ပါသွားတယ်။ လမ်းတွေမှာ ဘလောက်ချပြီး လူနေအိမ်တွေမှာ ဝင်သွားတာဆိုတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် များတယ်။ အခုက တောက်လျှာက်ကိုဖမ်းတာ နေ့စဥ်ကိုဖမ်းတာ”
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကလည်း ဘူကစ်ဘင်တန်းမြို့မှာ မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ငါးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစပြီး အော်ပရာစီ စစ်ဆင်ရေးအဖြစ် တရားမဝင် နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးမှုတွေ နေ့စဥ်ဆိုသလို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ ဇွန်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ နှစ်သိန်းနီးပါးရှိတဲ့အထဲမှာ တစ်သိန်းခုနစ်သောင်းဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။