ပေါင်းတည်မြို့နယ် အုတ်တွင်းကုန်းရွာခံ သုံးဦး PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှအုပ်စု၊ အုတ်တွင်းကုန်းရွာခံ သုံးဦးကို PDF စွပ်စွဲချက်နဲ့ ဇန်နဝါရီလ ၂၈ ရက် ည ၇ နာရီမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ပျူစောထီးတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၅၅ နှစ်အရွယ် ဦးအေးလွင်၊ အသက် ၂၄ နှစ်အရွယ် ကိုစိုးမိုးအောင်နဲ့ အသက် ၄၅ နှစ်အရွယ် အာလူး (ခေါ်) ဦးအောင်လွင်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ဘို့လှအုပ်စု အုပ်ချုပ်ရေးမှုးနဲ့ ပျူစောထီးအဖွဲ့ဝင်သုံးဦးက ဖမ်းဆီးပြီးနောက် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေဖြစ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ဘို့လှ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်သိရသလောက် ဒီလူတွေက တော်တော်ရိုးပါတယ်ဗျာ။ တစ်ချိန်တုန်းကပေါ့နော်။ NLD ပါတီမှာ အောင်နိုင်ရေးတွေလုပ်တဲ့အချိန်မှာ သူတို့က ဝင်လုပ်ခဲ့ပါတယ်ဗျ။ ကျန်တာ နိုင်ငံရေးနဲ့ ဆက်နွယ်တာတော့ သူတို့မှာ ဘာအပြစ်မှ မရှိပါဘူးဗျ"

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာ ပေါင်းတည်ထောင်နဲ့ ရဲစခန်းမှာသွားရောက်စုံစမ်းပေမယ့် တွေ့ခွင့်မရသလို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ အဲဒီဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကဖြစ်တာကြောင့် ဖမ်းဆီးတာလို့ RFA ကိုပြောပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း တောင်ဘို့လှအုပ်စု သာလှပင်စည်ရွာခံ ကိုကျော်စိုးထွန်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကိုကျော်စိုးထွန်းရဲ့ ဖခင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌ ဦးမိုးဆွေကိုလည်း စစ်ကောင်စီတပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်ဆီးခံရသူ ၂၅၉၁၅ ဦး ရှိနေပြီဖြစ်ပါတယ်။