မြိတ်မြို့အခြေစိုက် Dawei Watch သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ
2023.12.13

[Update: 3: 24 PM, Dec 13, 2023]
တနင်္သာရီတိုင်းသတင်းတွေ ဖော်ပြနေတဲ့ Dawei Watch သတင်းဌာနရဲ့ မြိတ်မြို့အခြေစိုက် သတင်းထောက် နှစ်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှာ နေအိမ်တွေမှာပဲ လာဖမ်းသွားတယ်လို့ Dawei Watch သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက RFA ကို ပြောပါတယ်။
သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးတို့ကို သတင်းရေးသားခြင်းကြောင့် ဖမ်းဆီးတာလို့ မိသားစုဝင်တွေကို ပြောခဲ့ကြောင်းလည်း Dawei Watch သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေပါ ပါဝင်ပြီး Dawei Watch သတင်းဌာနပိုင် ကွန်ပျူတာ (Laptop) နှစ်လုံးနဲ့ သတင်းထောက် နှစ်ဦးရဲ့ ဖုန်းတွေအပြင် မိသားစုဝင်တွေရဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
Dawei Watch သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းကတော့ သူတို့အနေနဲ့ သတင်းစာကျင့်ဝတ်နဲ့အညီ သတင်းတွေ ရေးသားနေတာဖြစ်လို့ အမြန်ဆုံးပြန်လွှတ် ပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က သတင်းစာကျင့်ဝတ်နဲ့အညီ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ၊ ကျင့်ဝတ်နဲ့အညီ သတင်းတွေကို ဖော်ပြတယ်၊ သတင်းသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာမျိုး လုပ်လို့မရဘူး။ အဲဒီအတွက် အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ ပြောချင်တယ်”
သူတို့ စုံစမ်းရရှိတဲ့သတင်းတွေအရ အဖမ်းခံလိုက်ရတဲ့ သတင်းထောက်နှစ်ဦးကို လက်ရှိ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားပြီး ချုပ်နှောင်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Dawei Watch သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကလည်း Dawei Watch သတင်းဌာနရဲ့ သတင်းထောက်သုံးဦး ဖမ်းဆီးခံခဲ့ရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်မြောက်လာတယ်လို့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်မှာဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ငါးနှစ်အထိချမှတ်နိုင်တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၅ နဲ့ အမှုဖွင့် ထားပါတယ်။
ဖမ်းဆီးခံ သတင်းသမားစာရင်း ပြုစုထားတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းဌာန (၁၄) ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့သလို နိုင်ငံတစ်ဝန်းက သတင်းထောက် (၁၆၉) ဦးကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက သတင်းထောက် (၅၄) ဦးကတော့ လက်ရှိအချိန်အထိ အကျဥ်းထောင် အသီးသီးမှာ ဆက်လက် အကျဥ်းကျခံနေရတယ်လို့ ဆိုပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် လူဦးရေစာရင်းကို ပြင်ဆင်ရေးသားထားပါသည်။)