ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

RFA Burmese
2024.08.10
ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား KNU မှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားစဥ်။
KNU

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ရွာတွေကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် သြဂုတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ တစ်ပတ်ကျော်အတွင်းမှာ အရပ်သား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နေ့စဥ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ခလရ - ၂၆၄၊ ခမရ - ၃၀၇၊ ခလရ - ၇၃ တပ်တွေကနေ ချုံအင်း၊ ဖျံတလင်း၊ အလှိုင်၊ သပြေညွန့်၊ ကျောက်ကြီးပေါက်၊ ဝါးထိုးစိုက်၊ ကညင်ကျိုး၊ ငတိုးခင်၊ သစ်ဖြူဆိပ်နဲ့ သေနပ်ကွင်း စတဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ထိခိုက်မှုတွေနဲ့ အဆောက်အအုံ ပျက်စီးမှုတွေ ရှိနေတာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုတွေအတွင်း သစ်ဖြူဆိပ်ရွာက အသက် ၆၆ နှစ်အရွယ် ဦးကြည်အေး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၁၁ နှစ်ကနေ ၉၅ နှစ်အရွယ်အထိ အရပ်သား ငါးဦးပါဝင်တယ်လို့ ဆိုပါတယ်။

လူထိခိုက်၊ သေဆုံးတာတွေအပြင် ဘုန်းကြီးကျောင်း၊ ကျေးရွာ ကိုယ်ထူကိုယ်ထ လျှပ်စစ်ရုံးနဲ့ နေအိမ်တချို့ ပျက်စီးသလို လယ်ယာလုပ်ငန်းခွင်သုံး ကျွဲနွားတိရစ္ဆာန်တချို့လည်း သေဆုံးခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိမှာ KNU က တပ်မဟာ (၁၊ ၃၊ ၅) သုံးခုပေါင်းပြီး ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲဖော်ဖို့ ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် ရှိလာပြီလို့ KNU က ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________

#လက်နက်ကြီး #စစ်ကောင်စီ #သေဆုံး #ပျက်စီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။