ဗန်းမော်မှာ လက်နက်ကြီးကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ

RFA Burmese
2024.08.07
ဗန်းမော်မှာ လက်နက်ကြီးကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအား ဗန်းမော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်က တွေ့ရစဥ်။
Facebook/ သုညသုခ ပရဟိတ လူငယ် အသင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်တက္ကသိုလ် အနီးတစ်၀ိုက်နဲ့ မိုးမောက်မြို့နယ် ခမရ (၄၃၇) တပ်ရင်းနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲဖြစ်ရာ အနီးတစ်၀ိုက်က ရွာတွေနဲ့ KIA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆတဲ့ရွာတွေကို ဗန်းမော်မြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးရတာလို့ ဗန်းမော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အရင်အပတ် ကြာသာပတေးနေ့ကလည်း သုံးမိုင်မှာကျတယ်၊ လေးယောက် ဆေးရုံတင်ထားရတယ်။ ပြီးတော့ သိမ်တော်ကြီးမှာလည်း ကျတယ်။ အဲဒီက စစ်ရှောင်တွေ ထိတယ်။ နောင်ခို၊ နမ့်ဖားရပ်ကွက်တို့မှာလည်း ကျတယ်။ မိုလေဝသ ရုံးဘက်လည်း ကျတယ်။ ရွှေကျီးနားရပ်ကွက်ဘက်တွေလည်း ကျတယ်။ ရိုးကြီးရွာဘက်လည်း ကျတယ်။ လူသေတာက ငါးယောက်ရှိပြီ။ ဒဏ်ရာရပြီး ဆေးရုံရောက်တာက ၁၀ ယောက်ကျော်ရှိပြီ"

သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့နဲ့ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် မြို့ပေါ်မှာ နေထိုင်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၃၇) တပ်ရင်းကို ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး KIA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ပြန်လည်ခုခံနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ဟာ ခုနစ်မိုင်ခန့်သာ ဝေးတာကြောင့် တိုက်ပွဲတွေဟော ဗန်းမော်မြို့နယ်ထဲကိုပါ ကူးစက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လ ပထမပတ်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ကိုးဆယ်ကျော် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။