ထား၀ယ်နဲ့ ယင်းမာပင်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး

RFA Burmese
2024.08.24
ထား၀ယ်နဲ့ ယင်းမာပင်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူတစ်ဦးအား သယ်ဆောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှာ တွေ့ရစဉ်။
Facebook/ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တို့မှာ သြဂုတ်လ ၂၂ ရက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ချိန် ထား၀ယ်မြို့ပေါ်ကနေ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးက လောင်းလုံးမြို့နယ်၊ ထိန်တွင်းရွာကို ကျရောက်ပေါက်ကွဲလို့ အသက် ၈၀ ကျော်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးကျလို့ လောင်းလုံး မြစ်ကမ်းဖက်မှာရှိတဲ့ ထိန်တွင်းရွာက အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်။ နာမည်ကတော့ ဒေါ်ဖွားကြီးလို့ ခေါ်တယ်"

အဲဒီနေ့တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူဟာ ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုဇော်မင်းထက်ဖြစ်ပြီး ပေကုန်းရွာမှာရှိတဲ့ စပါးခင်းကို ရေသွင်းနေချိန် လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် ၁၁ နာရီ ပတ်၀န်းကျင်လောက်မှာ လက်နက်ကြီးနဲ့ ပစ်လိုက်တော့ ပေကုန်းရွာကို ကျတာ။ ပေကုန်းရွာမှာ စပါးခင်းကို ရေသွင်းနေတဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဂုဏ်တောရွာက အမျိုးသားတစ်ယောက်ကို ထိတာ။ ခါးကိုမှန်ပြီးတော့ ည ၁၁ နာရီ ၄၀ လောက်မှာ ဆုံးသွားတယ်။ လက်နက်ကြီးက ဆက်တိုက်ပစ်နေတာ့ ထိထိချင်း သွားမကောက်နိုင်တဲ့အချိန်မှာ သွေးထွက်လွန်ပြီး သေသွားတာ"

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ထန်းတောကြီး၊ ပေကုန်းစတဲ့ ရွာတွေထဲကို လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်ပေါက်ကွဲတယ်လို့ သူက ပြောပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ကလည်း ထန်းတောကြီးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံလေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာထဲ ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူတွေထံ RFA က တယ်လီဖုန်းဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။