ကျောက်ကြီးမှာ အရပ်သား သုံးဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2023.12.17
ကျောက်ကြီးမှာ အရပ်သား သုံးဦးသေ၊ လေးဦးဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) မှာ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် KNU မှ ထုတ်ပြန်ထားစဉ်။
KNU

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၁၇ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ကြိတ်ကွင်းရွာကို လက်နက်ကြီးကျပြီး အသက် ၅၅ နှစ်အရွယ် နော်သန်းအေးနဲ့ အလယ်ရွာက အသက် ၇၅ နှစ်အရွယ် တီးဖိုးစစ်၊ အသက် ၄၅ နှစ်အရွယ် ဒေဝတို့ သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဖော်ပြထားပါတယ်။

အဲဒီနေ့မှာပဲ ကြိတ်ကွင်းရွာက အသက် ရှစ်နှစ်အရွယ် နော်ထီးခူနဲ့ အလယ်ရွာက အသက် ၅၁ နှစ်အရွယ် နံပါတ်၊ အသက် ၂၀ အရွယ် စောတာဒိုတို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ပိန်းဇလုပ်မြို့အခြေစိုက် အမှတ် (၂၆၄) ခြေလျင်တပ်ရင်းဟာ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အတွင်း ရွာပေါင်း ၁၃ ရွာခန့်ကို လက်နက်ကြီးပေါင်း ၆၈ လုံးပစ်ခတ်ခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒီလို စစ်ကောင်စီတပ်ကြောင့် ထိခိုက်၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ပြည်သူတွေ အထင်အမြင် လွဲအောင် ထုတ်ပြန်နေတာလို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က တုံ့ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။