ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ ဇန်နဝါရီလ ၂၇ ရက်ကနေ ၂၉ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားလေးဦး သေဆုံးခဲ့သလို ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့က ညောင်ပင်သာရွာခံ အသက် ၃၅ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးနဲ့ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မယွန်းဝတီထွန်း၊ တောင်အင်းရွာက အသက် ၂၀ ကျော်အရွယ် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၉ ရက် မနက်ပိုင်းမှာတော့ နမ့်စော်လော်ရွာက အသက် ၆၆ နှစ်အရွယ် ဦးမြင့်ဖေ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲမရှိဘဲ နန်းမားမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမတ (၃၈၅) အမြောက်တပ်က ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အမြောက်တပ်က ရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်တာကြောင့် လက်နက်ကြီးထိလို့သေတာ။ အခု မနက် ဟာနဲ့ဆို လေးယောက်ရှိပြီ။ ၂၇ ရက်နေ့ကတော့ သားအမိနှစ်ယောက်နဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက် သေတယ်။ ဒီနေ့မနက်လည်း အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ဒီတိုင်း ပစ်ထည့်နေတာ"
ဒဏ်ရာရသူတွေကတော့ မြစ်ကြီးနား ပြည်သူ့ဆေးရုံနဲ့ မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသခံမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ မေလကလည်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နန်းမားမြို့က ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။