ယင်းမာပင်မြို့နယ်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး

RFA Burmese
2024.08.09
ယင်းမာပင်မြို့နယ်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူတစ်ဦးအား သယ်ဆောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှာ တွေ့ရစဉ်။
Facebook/ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာမှာ ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ပေါက်ကွဲခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူ လေးဦးဟာ အသက် ၂၀ ကနေ ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုမြင့်သန်းအောင် (ခ) ဖိုးဝ၊ ကိုဖြိုးဇေယျာ၊ ကိုဖိုးသက်ဝေနဲ့ ကိုလွှမ်းမိုးတို့ဖြစ်ပါတယ်။

အဲဒီနေ့က စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ထန်းတောကြီးရွာ အရှေ့ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"နေရာမှာတင် သုံးဦး သေသွားတာ။ ခုနစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူထဲက တစ်ယောက်က ၈ ရက် မနက် လေးနာရီမှာ ထပ်ဆုံးသွားတော့ လေးဦးသေဆုံးဖြစ်သွားတာပေါ့။ သူတို့ပစ်တဲ့နေရာက တိုက်ပွဲဖြစ်တာလည်း မရှိဘူး"

အဲဒီလက်နက်ကြီးဟာ ထန်းတောကြီးရွာနဲ့ ငါးမိုင်အကွာမှာရှိတဲ့ ရွှေတောင်ဦး အောင်ဇေယျကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ မရှိတော့ဘဲ လိုအပ်တဲ့ ဆေးကုသမှု ဆက်လုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။