မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ကို တစ်နှစ်ထက်ပို တာဝန်ထမ်းဆောင်ခွင့် ပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အဆိုပြုလိုက်ပါတယ်။
ဒါမှ စစ်တပ်အုပ်ချုပ်နေတဲ့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်စေဖို့ ထိထိရောက်ရောက် ပံ့ပိုးနိုင်မယ်လို့ ပြောတဲ့အကြောင်း Bernama သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။
အထူးသံတမန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖို့ မလိုကြောင်း၊ ဒါမှ မြန်မာ့အရေးကို အာရုံပိုစိုက် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း Saifuddin က ပြောပါတယ်။
လက်ရှိမှာ အာဆီယံ - အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးသံတမန်ဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Parak Sokhonn ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ မဟုတ်ဘဲ အာဆီယံ အထူးသံအဖြစ်သာ တာဝန်ယူဖို့ Saifuddin Abdullah က အဆိုပြုတာပါ။
အာဆီယံအထူးသံဟာ နိုင်ငံခြားရေးဝန်ကြီးလို တခြားသံရေးတမန်ရေး တာဝန်တွေအတွက် တာဝန်ခံစရာမလိုဘူးလို့ ထိုင်းနိုင်ငံမှာ မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောကြားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်ဖို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြီး တိုက်တွန်းလိုက်ပါတယ်။