အာဆီယံအထူးသံ ဒုတိယအကြိမ် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရနိုင်

2022.06.17
အာဆီယံအထူးသံ ဒုတိယအကြိမ် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရနိုင် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ရစဥ်
Photo: Reuters, AFP

အခုလကုန်ပိုင်း လာရောက်မယ့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ ဒုတိယအကြိမ် ခရီးစဉ်မှာလည်း ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေး မှာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဇွန်လ ၁၆ ရက် မနေ့က အတည်ပြု ပြောဆို ပါတယ်။

အာဆီယံအထူးသံကို လက်ရှိငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့သာ ပေးတွေ့ဖို့ စီစဥ်ထားပြီး ဖမ်းဆီးတရားစွဲခံထားရသူတွေ မပါဘူးလို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ရည်ညွှန်းပြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသွားပါတယ်။

“ဒီအချိန်မှာလည်း တွေ့သင့်တွေ့ထိုက်တဲ့လူတွေနဲ့ တွေ့နိုင်အောင် စီစဉ်ပေးသွားပါမယ်။ တွေ့သင့်တွေ့ထိုက်တဲ့သူတွေဆိုတာမှာတော့ တရားစွဲဆိုခြင်းခံထားရသူတွေ၊ ရုံးတင် စစ်ဆေးနေတဲ့သူတွေ ပါမှာမဟုတ်ဘူး”

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဥ်အဖြစ် ဇွန်လ ၂၉ နဲ့ ၃၀ မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဥ်ထားပါတယ်။

ဒီတစ်ကြိမ်မှာ မြန်မာနိုင်ငံအတွင်း အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို အဓိကဆွေးနွေးမှာ ဖြစ်ပေမယ့် ပဋိပက္ခဖြေရှင်းရေး ကိစ္စတွေအတွက် အရေးပါတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ပါ ပေးတွေ့ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာလည်း ဖမ်းဆီးတရားစွဲခံထားရသူတွေနဲ့ ပေးမတွေ့နိုင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံအတည်ပြု ပြောဆိုခဲ့တာပါ။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NUG ခေါင်းဆောင်တွေနဲ့ပါ အထူးကိုယ်စား လှယ်ကို ပေးတွေ့ဖို့ အိမ်နီးချင်း အာဆီယံနဲ့ အင်အားကြီး အနောက်နိုင်ငံတွေက တောင်းဆို နေပေမယ့် စစ်ကောင်စီက ဒီကိစ္စကို အခုချိန်ထိ မလိုက်လျောဘဲ အထူးသံရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဥ်တုန်းက ပြည်တွင်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့နဲ့သာ ပေးတွေ့ဖို့ စီစဥ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအရ ကန့်ကွက်သူတွေ ရှိတာကြောင့် ပြည်တွင်းက NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံရေး အစီအစဥ်လည်း ပျက်ပြယ်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကတော့ ပြည်တွင်းအခြေအနေတွေ ဆိုးရွားနေတဲ့ အခုလို အချိန်မျိုးမှာ အာဆီယံအထူးသံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး ခွင့် မရဘူးဆိုရင် ဒီခရီးစဥ်ကို အောင်မြင်တဲ့ ခရီးစဉ်အဖြစ် မသတ်မှတ်နိုင်ဘူးလို့ သုံးသပ် ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရဘူး။ ကိုဖြိုးဇေယျာသော်တို့ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ကိုယ်တိုင် တောင်းဆိုထားတဲ့ သေဒဏ်မပေးဖို့ကိစ္စလည်း သူ တောင်းဆိုထားသလို မရဘူးဆိုရင်တော့ သူက ပိုစိတ်ပျက်သွားနိုင်တာပေါ့။ အာဆီယံမှာ ဒီထက်ပိုပြင်းထန်တဲ့ ဖိအားတွေရှိလာရင် ရပ်တည်ပေးနေတာက ကမ္ဘောဒီးယားလေ။ အခုလည်း အဲဒီလို မရဘူးဆိုရင် လာပြီးတော့ ဘာမှ ထိထိ ရောက်ရောက် မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်မျိုးပဲ ဖြစ်သွားမှာပေါ့”

အာဆီယံအထူးသံရဲ့ ဒီတစ်ကြိမ်ခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်မယ့်အကြောင်း နိုင်ငံတကာသတင်းတွေက ရေးသား ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက အားလုံးသဘောတူ ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘော တူညီချက် ငါးချက်မှာ မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေး အတွက် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဖော်ပြထားပေမယ့် အခု တစ်နှစ်ကျော်ကြာလာတဲ့အထိ ဒီကိစ္စ လက်တွေ့ဖြစ်မလာတဲ့အပေါ် ပြည်တွင်းရော၊ ပြည်ပမှာပါ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

အာဆီယံအင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရမယ်ဆိုတဲ့အချက်ဟာ ယေဘုယျ ဆန်နေတာကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ခေါင်းဆောင်တွေနဲ့ အာဆီယံအထူးသံ တွေ့ဆုံဆွေးနွေးခွင့် ရရမယ်ဆိုတဲ့အချက်ကို အတိအကျ ထည့်သွင်းဖော်ပြဖို့ နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတွေမှာ လှုံ့ဆော်စည်းရုံး နေပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး နှစ်ပေါင်း ၁၀၀ ကျော်လောက်အထိ ထောင်ဒဏ် ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံထားရပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ သူ့ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

၁၉၈၈ ကနေ အခု ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့အထိ သူ့ရဲ့ ၃၄ နှစ်တာ နိုင်ငံရေး သက်တမ်းအတွင်း စစ်အစိုးရအဆက်ဆက်ရဲ့ ဖမ်းဆီးတရားစွဲမှုတွေကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဒီတစ်ကြိမ်မွေးနေ့အပါအဝင် မွေးနေ့ ပေါင်း ၁၇ ကြိမ်ကို အကျဥ်းချခံဘဝနဲ့ ဖြတ်သန်းနေ ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။