မြန်မာခရီးစဉ်အတွင်း NUG နဲ့ တွေ့ခွင့်ရဖို့ အာဆီယံ အထူးသံတမန်မျှော်လင့်

2022.02.17
မြန်မာခရီးစဉ်အတွင်း NUG နဲ့ တွေ့ခွင့်ရဖို့ အာဆီယံ အထူးသံတမန်မျှော်လင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
Photo - reuters

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစကားပြောခွင့်ပေးဖို့ စစ်ကောင်စီကို မေတ္တာရပ်ခံထားတယ်လို့ အာဆီယံအထူးသံတမန်က ဖေဖော်ဝါရီလ ၁၇ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ကို နောက်လထဲမှာ စတင်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပြီး တချိန်တည်းမှာပဲ အခုလိုပြောဆိုလိုက်တာလို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

"နေပြည်တော်(စစ်ကောင်စီ)က NUG နဲ့ တိုက်ရိုက် စကားမပြောဘူးဆိုရင် အာဆီယံသံကို ပေါင်းကူးတံတားအဖြစ် ကြားဝင်ခွင့် ပေးဖို့လိုတယ်၊ ဒါပေမဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ နေပြည်တော်(စစ်ကောင်စီ)နဲ့ကြားမှာ သဘောထားကွဲလွဲတာမျိုး မဖြစ်ဖို့လည်းလိုတယ်" လို့ Prak Sokhonn က ဒီကနေ့ စတင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီက NUG ကို "အကြမ်းဖက်အဖွဲ့" လို့ တံဆိပ်ကပ်ထားတာကြောင့် အာဆီယံအနေနဲ့ အခုထိ NUG နဲ့ ဆက်သွယ်တာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မြန်မာနိုင်ငံကို နောက်လမှာ လာဖို့ပြင်ဆင်နေတာပါ။

Prak Sokhonn မတိုင်ခင် ဘရူနိုင်းနိုင်ငံက ခန့်အပ်ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဟောင်း Erywon Yusof လက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးတာကြောင့် မြန်မာနိုင်ငံကို လာခါနီးမှာ ခရီးစဉ် ပျက်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီ လက်မခံနိုင်တဲ့ အခြေအနေတချို့ကို အာဆီယံနိုင်ငံတွေက တောင်းဆိုတာတွေရှိခဲ့လို့ အခုလိုဖြစ်ခဲ့တာလို့ Prak Sokhonn က ပြောပါတယ်။

အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ကတော့ မြန်မာစစ်ကောင်စီနဲ့ကြား ယုံကြည်မှုတည်ဆောက်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကမ္ဘောဒီးယားနိုင်ငံခန့် အာဆီယံ သံတမန်သစ်ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မယ်လို့ အရင်ကပြောဆိုထားပါတယ်။ NUG အစိုးရနဲ့ တွေ့ခွင့်ပေး၊ မပေးဆိုတာကိုတော့ စစ်ကောင်စီဘက်က ဘာမှပြောဆိုတာမရှိသေးပါဘူး။

တချိန်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ် Saifuddin Abdullah ကလည်း အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ NUG အစိုးရနဲ့ တွေ့ဆုံဖို့ တိုက်တွန်းကြောင်း သူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။