အာဆီယံကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေ

2021.06.03
အာဆီယံကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi။
-

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအသင်း အာဆီယံက ကိုယ်စားလှယ်နှစ်ဦး ကြာသပတေးနေ့ညက နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။

ရောက်ရှိလာတဲ့ အာဆီယံကိုယ်စားလှယ်နှစ်ဦးဟာ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးရာ ဝန်ကြီး Erywan Pewhin Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဖြစ်ပါတယ်။ စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ကတော့ မကြာခင် သတင်းအပြည့်အစုံကို ထုတ်ပြန်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်များ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိမရှိ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။ ကြာသပတေးနေ့ စစ်ကောင်စီ ရုပ်မြင်သံကြားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့NUG ကို အကြမ်းဖက် အုပ်စုအဖြစ် ပြောသွားပြီး အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီက မတရားသင်းအဖြစ် ကြေညာထားပါတယ်။ ခုလို မတရားသင်း ကြေညာထားသူတွေနဲ့ တွေ့ဆုံသူ၊ စကားပြောဆိုသူ သတင်းထောက်တွေ အပါအဝင် အားလုံးဟာ ပြဌာန်းထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူလို့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

NUG အစိုးရကလည်း အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲပြီး တလကျော်အကြာမှာ အာဆီယံကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အာဆီယံအသင်းမှာ အသင်းဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ပြီးမစွက်ဖက်ရဘူးဆိုတဲ့ မူချမှတ်ထားပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်တွင်းက ပြဿနာတွေက ဒေသတွင်းနိုင်ငံတွေထဲအထိ ရိုက်ခတ်မှုတွေရှိနေတာကြောင့် မြန်မာ့အရေးကို အာဆီယံနိုင်ငံတွေက ဝင်ရောက် ကူညီဖြေရှင်းသင့်တယ်ဆိုပြီး တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

M Peace Sprit
2021-06-03 21:39

အာဆီယံကိုယ်စားပြုအမည်ခံ, ဘရူနိုင်ကိုယ်စာလှယ်, တရုတ်၏ လက်ကိုင်ဒုတ်, ဒုတ်ထိုးရုပ်သေးများ မြန်မာနိုင်ငံကို လာမယ်ဆိုတာက “သာကော” ရဲ့ မဟာဗျူဟာမြောက်တဲ့ လှည့်ကွက်တစ်ခုပါ။ တပည့်ကျော် “မအလ” အကြမ်းဖက်သမားများကို နိုင်ငံတကာနယ်ပယ်မှာ တရားဝင်အောင် လုပ်ဆောင်ခြင်း နဲ့ တစ်ချက်ခုတ် အချက်ပေါင်းများစွာ ထိနိုင်တဲ့ တိုက်ကွက်တစ်မျိုးသာ ဖြစ်ပါတယ်။ ဒီ ခရီစဉ်ဟာ ငါတို့နိုင်ငံသားများအတွက်တော့ “စစ်ကွျန်မွေးသန်စေတဲ့ဆေး” အလိမ်းခံရတာ သက်သက်ပါဘဲ။ ဘာအဓိပ္ပါယ်မှ ငါတို့အတွက် သက်ရောက်မူမရှိတဲ့ သူတို့၏ “သာကော plan-5” ချက်အရ ချိန်ဆွဲမယ့်နည်းဗျူဟာတွေကို တစ်ခုချင်းလုပ်ဆောင်မှာဖြစ်တယ်။ Constitution Mandate Legitimacy and Election Votes. ဖွဲ့စည်းပုံ အခြေခံဉပဒေ၊ ပြည်သူအများ၏ ထောက်ခံမှုဖြင့်ရရှိထားသော လုပ်ပိုင်ခွင့်အာဏာ၊ တရားဝင်မှု၊ ရွေးကောက်ပွဲ မဲရလဒ်များကို နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့
ငါတို့ ခေါင်းဆောင်များကို အသိအမှတ်မပြုဘဲ၊ ဉပဒေမဲ့ လက်နက်ပြ အကြမ်းဖက်ပြီး အာဏာလု့ယူထားသူကို တရားဝင်လာရောက်တွေ့ဆုံမယ်ဆိုတာဟာ ငါတို့ မဲဆန္ဒရှင် ပြည်သူတွေကို အသိအမှတ်မပြုတဲ့ “စော်ကာမူ” သက်သက်ပဲဖြစ်ပါတယ်။ အာဆီယံဟာ “မသူတော်အချင်းချင်းတွေ များတာမို့” ငါတို့အတွက် ဘာမျော်လင့်ချက်မှ မရှိပါဘူး။ NUG ဦးဆောင်မူအောက်မှာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြပါ။ “နတ်ကရာ ကျီးမော” သူတို့ရဲ့ လှည့်ကွက်တွေထဲ အမျှောမခံကြပါနဲ့။ အရေးတော်ပုံ အောင်ရမည်-🤺🤺🤺🤺🤺🤺🤺🤺🤺🤺🤺- fight for now, future & our next generation.