ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အာဆီယံနဲ့ ပြင်သစ်နိုင်ငံ ပြင်းပြင်းထန်ထန်ရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့က မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ လောက်ထိ သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် အာဆီယံနိုင်ငံတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရပ်သားပြည်သူတွေကို အင်အားသုံး တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့် နိုင်မှသာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်နိုင်တဲ့အခြေအနေ ရောက်လာမှာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ၂၀၂၁ ခုနှစ်က ဘုံသဘောတူညီချက် ငါးရပ် ရထားပေမယ့်၊ မြန်မာစစ်တပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အတိုက်အခံ အင်အားစုတွေကို တိုက်ခိုက်နေတာတွေမရပ်တန့်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေ ပိုပြီး စိတ်ပျက်နေကြတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူ ပြင်သစ်နိုင်ငံကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု အတွက် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ပြင်သစ် နိုင်ငံ အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အသက်သေဆုံးရသူတွေနဲ့ မိသားစုဝင် တွေအတွက် စိတ်မကောင်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။