စစ်ကောင်စီမှာ စေ့စပ်ဆွေးနွေးလိုတဲ့ဆန္ဒမရှိကြောင်း အင်ဒိုနီးရှားဝန်ကြီးဝေဖန်
2024.07.25
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ပြဿနာ ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး အစီအစဉ်ကို စစ်ကောင်စီက စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က ဇူလိုင် ၂၅ ရက်က ဝေဖန်လိုက်ပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပြင်ပမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံပြီးတဲ့နောက် မှတ်ချက်ပေးတာလို့ AFP သတင်းက ဖော်ပြပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်ကောင်စီက လိုက်နာဖို့ ပျက်ကွက်တယ်ဆိုတဲ့ အမြင်ချင်းတူတာကိုလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဖလှယ်ကြတယ်လို့ အင်ဒိုနီးရှားဝန်ကြီးက သူ့ရဲ့ X လူမှုကွန်ရက် (ယခင်တွစ်တာ)မှာ ရေးသားပါတယ်။
စစ်တပ်ကအာဏာရယူထားတာကို စင်ကာပူရော အင်ဒိုနီးရှားနိုင်ငံကပါ ဝေဖန်နေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံက ပိုမိုဆိုးဝါးလာတဲ့အခြေအနေကို ဆွေးနွေးခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာဘာခရစ်ရှ်နန် (Vivian Balakrishnan) က သူ့ရဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံ သဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရေး အရေးကြီးတာကိုလည်း ဝန်ကြီးတွေဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergei Lavrov)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး ပြင်ပမှာ မနေ့က တွေ့ဆုံဆွေးနွေးတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ဇူလိုင် ၂၅ ရက်က စတင်ကျင်းပတဲ့ သုံးရက်ကြာ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့ပဋိပက္ခကို အဓိကထား ဆွေးနွေးပါတယ်။
AFP က ဖတ်ရှုရတဲ့ အာဆီယံ ကြေညာချက်မူကြမ်းမှာ ၂၀၂၁ စစ်အာဏာသိမ်းလိုက်ပြီးနောက် အကြမ်းဖက်မှုဆက်လက်ဖြစ်ပွားနေတာကို အာဆီယံဝန်ကြီးတွေက ပြင်းပြင်းထန်ထန်ရှုတ်ချထားတယ်လို့ ဆိုပါတယ်။