ဘုံသဘောတူညီချက် ငါးချက် ဆက်ရှိနေကြောင်းသာ အာဆီယံ ထပ်ပြော

မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အရင်အစည်းအဝေးတွေက ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဆက်ရှိနေကြောင်း ထပ်လောင်းအာမခံတယ်လို့ ဇန်နဝါရီ ၂၉ ရက် အာဆီယံ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စုစုပေါင်း အချက် ၃၂ ချက်ပါတဲ့ အဲဒီထုတ်ပြန်ချက်မှာ မြန်မာနဲ့ပတ်သက်တဲ့ ကိစ္စတွေကို နံပါတ် ၂၁ ကနေ ၂၅ ထိ ဖော်ပြထားပါတယ်။ နိုင်ငံတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး အပါအဝင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အရင်အစည်းအဝေးတွေက ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဆက်လက်ကျန်ရှိနေကြောင်း ထပ်လောင်းအာမခံတယ်လို့ ပြောထားပါတယ်။

အချက်အတော်များများမှာ နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေထက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စကိုသာ အဓိကဦးစားပေး ဖော်ပြထားပါတယ်။

အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ တိုးတက်လာတာကို ကြိုဆိုပြီး အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနဲ့ ဆီဆိုင်မြို့မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) က အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လိုအပ်နေသူတွေထံ ကူညီမှုတွေ အချိန်နဲ့တပြေးညီ ရောက်ရှိစေဖို့ဆိုရင် အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။ အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အဖွဲ့အစည်းအားလုံးက နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် အာလွန်ကဲအို ကစ်တစ်ခွန် ကို ခန့်အပ်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆိုပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ လွန်ပရာဘန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန (ခေတ္တ) အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို အစည်းအဝေးတက်ရောက်ဖို့ စေလွှတ်ခဲ့ပါတယ်။