အာဆီယံအစည်းအဝေး မတက်ဘူးလို့ စစ်ကောင်စီပြော

တန်းတူရည်တူ ပါဝင်ခွင့်ရှိရမယ်ဆိုတဲ့ အာဆီယံမူဝါဒကို သွေဖည်နေလို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေကို တက်ရောက်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုနေရာအတွက် စစ်ကောင်စီကို မဖိတ်ဘဲ နိုင်ငံရေးကိုယ်စားမပြုတဲ့သူကိုသာ ဖိတ်ဖို့ အာဆီယံခေါင်းဆောင်တွေကြား သဘောတူ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီကို မဖိတ်တာကြောင့် နိုင်ငံရေးကိုယ်စားမပြုတဲ့သူကိုလည်း စေလွှတ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင် ကြိုးစားနေပါလျှက်နဲ့ အစည်းအဝေး မဖိတ်ဖို့ ဆုံးဖြတ်တာကို လက်ခံနိုင်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကိုယ်စားလှယ်တစ်ယောက်မှ စေလွှတ်မှာ မဟုတ်ကြောင်းသတင်းကို တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ဖော်ပြထားပါတယ်။