အာဆီယံအဖွဲ့ကြီး အများယုံကြည်မှုရှိရေး ညီညွတ်မှုအရေးကြီးကြောင်း အလှည့်ကျဥက္ကဋ္ဌပြော

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအပေါ် အများယုံကြည်ကိုးစားမှုရဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ညီညွတ်မှုရှိဖို့ အရေးကြီးတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ဇူလိုင်လ ၁၁ ရက်နေ့ က ပြောလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ညီလာခံကျင်းပချိန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့လုပ်နိုင်စွမ်းနဲ့ ဖြေရှင်းပုံကို နိုင်ငံတကာအပါအဝင် အများက သံသယကြီးထွားလာချိန် ဖြစ်နေပါတယ်။

ဂျကာတာမှာ ကျင်းပမဲ့ ညီလာခံမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရေး စစ်ခေါင်းဆောင်တွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံကြမလဲဆိုတဲ့အချက်ကို ဆွေးနွေးဖို့ရှိတယ်လို့ သတင်းမီဒီယာတွေက ခန့်မှန်းရေးသားထားကြပါတယ်။

ညီလာခံမတိုင်ခင် မနေ့ကကျင်းပတဲ့ အကြိုညှိနှိုင်းအစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက်အမည်တပ် ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ သူက "အများယုံကြည်ကိုးစားခံရမှသာ အာဆီယံအဖွဲ့ဆိုတာ အဓိပ္ပါယ်ရှိပါမယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းကစလို့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို မလိုက်နာတာကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။