အာဆီယံရေတပ်အစည်းအဝေးမှာ စစ်ကောင်စီပါခွင့်ရတာကို Justice For Myanmar ကန့်ကွက်

အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှာ မြန်မာစစ်တပ်ကို ပါဝင်ခွင့်ပေးတာကို ကန့်ကွက်ရှုတ်ချကြောင်း စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ အာဆီယံ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဖော်ပြနေသလို၊ စစ်အုပ်စုကို တရားဝင်မှုရအောင် ထောက်ပံ့ပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပတဲ့ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာစစ်တပ်ဘက်က ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

အာဆီယံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရေကြာင်း ကာကွယ်ရေးပစ္စည်းပြပွဲကိုလည်း ဖိတ်ကြားခံခဲ့ရတယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

မြန်မာရေတပ်ဟာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ကိစ္စမှာလည်း တာဝန်ရှိသလို၊ ရခိုင်ပြည်နယ်တွင်း ရက္ခိုင့်တပ်တော် AA ကို ထိုးစစ်ဆင်တဲ့အချိန်မှာလည်း အရပ်သားပြည်သူတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးပြီး သင်္ဘောပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလုပ်ရပ်တွေကို အာဆီယံက အရေးယူဖို့ အကြိမ်ကြိမ်ပျက်ကွက်နေပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီပေးနေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံ အပါအဝင် မိတ်ဖက်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို အစည်းအဝေးတွေနဲ့ တခြားလှုပ်ရှားဆောင်ရွက်ချက်တွေကနေ ချက်ချင်းထုတ်ပယ်ဖို့ကိုလည်း Justice For Myanmar က တောင်းဆိုပါတယ်။