အာဆီယံက မြန်မာစစ်ခေါင်းဆောင်ကို ဆက်ဖိအားပေးသွားမယ်လို့ဆို
အာဆီယံ အထူးကိုယ်စားလှယ် အာရီဝမ်ယူစွတ်ကို မြန်မာပြည်ဝင်ခွင့်ပေးပြီး အဓိကသက်ဆိုင်တဲ့ သူတွေကြား ညှိနှိုင်းဆောင်ရွက်ခွင့်ရဖို့ မြန်မာစစ်ခေါင်းဆောင်ကို ဆက်ပြီးဖိအားပေးသွားမယ်လို့ ဒီသီတင်းပတ်မှာထုတ်ပြန် မယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေးပြေလည်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ၅ ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်လာအောင် စစ်ကောင်စီကို တောင်းဆိုတဲ့အကြောင်း ဂျပန်အခြေစိုက် ကျိဒိုသတင်း ဌာနက ဖတ်ရှုခွင့်ရတဲ့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်မယ့်စာထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အာဆီယံကိုယ်စားလှယ် မြန်မာပြည်သွားတဲ့အချိန်မှာ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
အာဆီယံထိပ်သီးညီလာခံကို မနက်ဖြန် အင်္ဂါနေ့ကနေ ကြာသပတေးနေ့ထိ အွန်လိုင်းဗီဒီယိုကနေ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးဘူးလို့ အောက်တိုဘာ လ ၁၅ ရက်နေ့က ဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့ မြန်မာကိုယ်စားလှယ်တစ်ယောက်ကို ဖိတ်ကြားမယ်လို့ အာဆီယံ ပြောဆိုထားတဲ့အတွက်၊ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း မဖိတ်သင့်ဘူးလို့ အာဆီယံ သံတမန်တစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ အာဆီယံနဲ့ သဘောတူထားတဲ့အချက်ကို အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်မယ်လို့ စစ်ကောင်စီဘက်က မနေ့ကတနင်္ဂနွေနေ့မှာ ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထား ပါတယ်။