အာဆီယံအထူးကိုယ်စားလှယ် ဒီနေ့ ဇွန် ၂၉ မှာ ရောက်မည်

အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့ ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့ထိ ၅ ရက်ကြာ လာရောက်မှာ ဖြစ်ပါတယ်။

အခု ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုမှာမဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အခု ဒုတိယအကြိမ်ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှု နောက်ဆက်တွဲ အခြေအနေတွေအပြင်၊ မေလ (၆) ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ကိစ္စတွေ ဆွေးနွေးမယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၈ ရက်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်မှာ မြန်မာစစ်ကောင်စီနဲ့ ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေကြား တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ဖို့ကို ရည်ရွယ်တယ်လို့ AFP သတင်းက ရေးထားပါတယ်။ ဒါပေမဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံမှာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။