အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဇွန်လကုန်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ဟာ ဒုတိယအကြိမ် မြန်မာနိုင်ငံကို ဇွန် ၂၉ - ၃ဝ မှာ နှစ်ရက်ကြာ သွားဖို့ရှိပါတယ်။

မစ္စတာ Sokhoon ဟာ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုလည်း ပူးတွဲ ယူထားသူဖြစ်ပြီး၊ သူ့ရဲ့ ဒီခရီးစဉ်အတွင်း - အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဗီယက်နမ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်ကို မြန်မာနိုင်ငံဘက်က အခက်အခဲတချို့ကြောင့် အရင်က ရွှေ့ဆိုင်းထားခဲ့ရတာပါ။

ဒါ့အပြင် ဒီခရီးစဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရမယ် - မရဘူးဆိုတာကိုတော့ မသေချာသေးပါဘူး။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဓိက သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

မစ္စတာ Sokhoon ရဲ့ မတ်လကုန်သွားခဲ့တဲ့ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်တုန်းကလည်း - ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။

အခု ဒုတိယအကြိမ် ခရီးစဉ်ကတော့ - အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်အောင်လို့ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေဖြေရှင်းနိုင်ရေး အာဆီယံနိုင်ငံတွေကြား ဧပြီလ ၂၁ ရက်နေ့မှာ သဘောတူညီခဲ့ကြတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ -

၁။ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊

၂။ သက်ဆိုင်သူတွေ အချင်းချင်းကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊

၃။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကနေ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုယူပြီး တွေ့ဆုံဆွေးနွေးနိုင်အောင် ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံရဲ့လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီ တွေ ပေးအပ်သွားဖို့၊

၅။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဖို့ - ပါဝင်ပါတယ်။

မစ္စတာ Sokhoon အနေနဲ့ ဒီဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်လို့ တိုးတက်မှုနဲ့ အာဆီယံရဲ့ အနာဂတ် အစီအစဉ်တွေကိုလည်း မေလကုန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြခဲ့တာဖြစ်ပါတယ်။