အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဇွန်လကုန် လာမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံခရီးစဉ်ကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ် လာမယ့် ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ လာရောက်မှာဖြစ်တယ်လို့ ထိုင်းပီဘီအက်စ် (Thai PBS) သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

ဒီခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ အဓိကဆောင်ရွက်မယ်လို့ ဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကုလလုံခြုံရေးကောင်စီမှာ ပရက်ဆော့ခွန်းက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် တိုးတက်ဖြစ်ထွန်းမှု အခြေအနေနဲ့ အာဆီယံရဲ့ အနာဂတ်အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မတိုင်ခင် ဇွန်လ ၉ ရက် မနေ့က ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေ ပါတယ်။

ကမ္ဘောဒီးယား သံတမန်အဖွဲ့ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံချိန်မှာ မြန်မာ့အကျပ်အတည်းကို အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့နဲ့ ဖယ်ကြဉ်ထားတာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံပြီး အာဆီယံ အထူး ကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခု ဒုတိယအကြိမ် ခရီးစဉ်အတွင်း အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့် ရ၊ မရနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ပြီးခဲ့တဲ့ ဇွန်လပထမပတ်က မေးမြန်းခဲ့ရာမှာတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်မပြုဘူးလို့ တုံ့ပြန်ထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ပထမကြိမ်ခရီးစဉ်အတွင်းမှာလည်း ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။