ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ပုံမှန်အခြေအနေ ပြန်လည်ရရှိအောင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေဟာ စစ်ကောင်စီက မကြာသေးမီက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှုကြောင့် အဟန့်အတားဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီက နောက်ထပ် ကွပ်မျက်မှုတွေ ထပ်လုပ်လာရင် အာဆီယံရဲ့ ဒေသတွင်း အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း သူက သတိပေးလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ သီတင်းတစ်ပတ်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။
သေဒဏ်ပေးမှုတွေ များများလုပ်လာရင် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို အဆင့်နှိမ့်ချဖို့ ပြင်ဆင်ထားကြောင်းနဲ့ ကျန်တဲ့အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံအနေနဲ့ လာမယ့် သီတင်းပတ် တွေနဲ့ လတွေ အတွင်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ သဘော တူညီထားကြောင်း ပရက်ဆော့ခွန်းက ပြောပါတယ်။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ချက်မှာ အကြမ်းဖက်မှုအဆုံးသတ်ရေးမှာ မြန်မာနိုင်ငံက တိုးတက်မှု မရှိတဲ့အတွက် ဝေဖန်ခဲ့ပေမယ့်လည်း နိုင်ငံအများက မျှော်လင့်ထားသလို မဟုတ်ဘဲ အားပျော့နေခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှု အနည်းအကျဉ်းပဲ တွေ့ရတဲ့အတွက် အလွန်စိတ်ပျက်မိသလို၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အတိုက်အခံ လေးယောက်ကို ကွပ်မျက်လိုက်တဲ့လုပ်ရပ်အပါအဝင် ရှည်ကြာနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို စိုးရိမ်ပူပန်တယ်လို့ပဲ အစည်းအဝေးက ထုတ်ပြန်ခဲ့ပါတယ်။