စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၂၅ ဦး သေဆုံး

RFA Burmese
2024.07.25
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၂၅ ဦး သေဆုံး လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် ကျောက်မဲမြို့ရှိ နေအိမ်တချို့အား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်ငါးခုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် တစ်လအတွင်း အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ထုတ်ပြန်ပါတယ်။

ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုး၊ သီပေါနဲ့ မိုးကုတ်မြို့တွေက အရပ်သားတွေ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ TNLA က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၄၄ ဦးနဲ့ ကလေး ၁၄ ဦးပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၁၄ ဦး ပါဝင်တယ်လို့ TNLA က ဆိုပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ "၁၀၂၇ စစ်ဆင်ရေး" ဒုတိယပိုင်းစတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြတာပါ။ တိုက်ပွဲတစ်လအတွင်း ဒေသခံ သုံးသောင်းကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ TNLA က ဆိုပါတယ်။

နောင်ချိုနဲ့ မိုးမိတ်မြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။