ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်အမှုအတွက် တရားလိုဘက်က သက်သေစာချုပ်မပြနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲတရားစွဲဆို ခံထားရတဲ့ အဂတိအမှုတွေထဲက တစ်မှုဖြစ်တဲ့ ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ ပတ်သက်လို့ ဒီကနေ့ တရားလိုပြ သက်သေကို ထပ်မံစစ်ဆေးခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးအောင်ခန့်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက စစ်မေးခဲ့ရာမှာ ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ဆိုင်တဲ့ သက်သေအထောက်အထား မြန်မာဘာသာပြန် စာချုပ်စာတမ်းတွေကို တင်ပြနိုင်တာမရှိခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ် ရုံးချိန်းကတည်းက ဒီစာချုပ်စာတမ်းတွေကို တင်ပြရမှာဖြစ်ပေမယ့် တရားလိုဘက်က မတင်ပြနိုင်ခဲ့တာကြောင့် ဒီနေ့ တနင်္လာနေ့ ရုံးချိန်းမှာ တင်ပြဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာလည်း မတင်ပြနိုင်တာကြောင့် လာမယ့်ဇွန်လ ၁၃ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ရဟတ်ယာဉ် တစ်စီးဝယ်ခဲ့သလို ငှားရမ်းအသုံးပြုတာတွေလည်း ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ။

ဒီရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သမ္မတ ဦးဝင်းမြင့်နဲ့၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတာပါ။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၇ နှစ် ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ် ၁ဝဝ ကျော်ထိ ချမှတ်နိုင်တဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီရဲ့ တရားစွဲဆို ဖမ်းဆီးခြင်း ခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုဖမ်းဆီးခံထားရတာဟာ နိုင်ငံတကာ ဥပဒေတွေအရ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းမှု (arbitrary detention)မြောက်တယ်ဆိုပြီး သူ့ရဲ့မိသားစုရှေ့နေတွေက ကုလသမဂ္ဂကို တိုင်ကြားစာပို့ထားပါတယ်။