တနင်္သာရီမှာ ပရဟိတအဖွဲ့ဝင်တစ်ဦး စစ်ကြောရေးမှာနှိပ်စက်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ချမ်းမြေ့ပါရမီပရဟိတအဖွဲ့ဝင် အသက် ၂၉ နှစ်အရွယ် ကိုအောင်နိုင်ကျော်ဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာတွေနဲ့ သေဆုံး သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

သူဟာ ဖမ်းဆီးခံရပြီး အချိန်နှစ်ပတ်ကျော်ကြာ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားရာ ကနေ အောက်တိုဘာလ ၁၈ ရက်နေ့က သူ့ရဲ့ရုပ်အလောင်း တနင်္သာရီပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာရောက်ရှိနေတဲ့အကြောင်း စစ်ကောင်စီတပ်က အကြောင်းကြားလာခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"၁၉ ရက်နေ့ သင်္ဂြိုဟ်တဲ့အချိန်မှာ လာရင်လာ၊ မလာရင် မတွေ့ရတော့ဘူးလို့ ပြောလာတာ။ ရင်ဘတ်မှာ အကွက်တွေတွေ့လို့ စုံစမ်းတော့ မီးနဲ့ကပ်တာတွေ။ လက်တွေ၊ ခြေတွေက အဆစ်ကို ရိုက်ချိုးထားလို့ ခြေဆစ်၊ လက်ဆစ်တွေက ပြုတ်ကျနေတာ မ လိုက်ရင် တွဲကျနေတာပေါ့။ ခါးအောက်ပိုင်းကလည်း အဆစ်ပြုတ်ထွက်ပြီး တွဲကျနေတယ်။ သွား သုံးချောင်းကျိုးနေတယ်။ ကျန် သွားတွေကလည်း ထိလိုက်ရင် ယိုင်နဲ့နဲ့ ဖြစ်နေတာ။ သွေးအန်ပြီးကျထားတဲ့ သွေးခြောက်တွေကလည်း ပေါင်းရင်းမှာ ရှိနေတယ်"

ကိုအောင်ကျော်နိုင်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့က မြိတ်မြို့ကို လူနာသွားပို့ပြီး တကူတိုက်နယ်၊ သာရဘွင် ကျေးရွာကိုအပြန် တနင်္သာရီမြို့နယ် ဇဝဲရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် မိသားစုက အဲဒီစစ်ဆေးရေးဂိတ်ကို သွားရောက်စုံစမ်းခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်ဆိုတာကို အတည်ပြုပြောဆိုခဲ့ကြပေမယ့် ဘယ်နေရာမှာရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြောဖို့ ငြင်းဆိုတာကြောင့် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ဇဝဲရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၅၆ ရဲ့ ဂိတ်ဖြစ်ပြီး သုံးလမ်းဆုံနေရာတစ်ခုလည်း ဖြစ်ပါတယ်။

ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကြောင့် ဒေသခံတွေ သွားလာရေး အခက်ကြုံနေကြရတာပါ။ ဒီလိုအခြေအနေမှာ ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတာဟာ ဆုံးရှုံးမှုတစ်ခုဖြစ်တယ် လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီတစ်ကြောလုံးမှာ ကိုဗစ်ကာလကတည်းက ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ သူကသွားတာ။ သူပဲ ဖြစ်သွားပါစေ၊ သူပို့ပေးတဲ့ လူနာတွေ အသက်ရှင်သွားပါစေဆိုတဲ့ စိတ်နဲ့ဆိုတော့ သူတစ်ယောက်တည်းပဲ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်နေတဲ့ကြားက သွားပေးလာပေးတာ။ သူမရှိရင်တော့ ဒီလမ်းကြောင်းက ပိတ်သွားတဲ့ သဘောလို့တောင် ပြောလို့ရတယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူအရေအတွက်ဟာ ၁၄၄၃ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။