သြစတြေးလျ - အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကနေ စစ်ကောင်စီကိုယ်စားလှယ် ဖယ်ရှားခံရ
မကြာခင်ကျင်းပဖို့ ရှိနေတဲ့ သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကို တက်ရောက်စကားပြောဖို့ ဖိတ်ကြားခံထားရတဲ့ မြန်မာစစ်ကောင်စီရဲ့ သံအမတ် ဦးသာအောင်ညွန့်ကို ဖိတ်ကြားထားတဲ့ စာရင်းကနေ ပြန်ဖယ်ရှားလိုက်ပါတယ်။
ဒီဖိုရမ်မှာ ဦးသာအောင်ညွန့်ကို စကားပြောဖို့ ဖိတ်ထားတာနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မနေ့က ပါလီမန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့ပြီးနောက် ဖိုရမ်က ကြေညာထားတဲ့ စာရင်းထဲကနေ ဦးသာအောင်ညွန့်ကို ပယ်ဖျက်ထားတာ တွေ့ရပါတယ်။
Samantha Ratnam က အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို စကားပြောဖို့ ဖိတ်ထားတာကို ချက်ချင်း ပြန်ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ သြစတြေးလျ အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုပဲ မြန်မာပြည်ရဲ့ ကိုယ်စားပြုအဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ပြောဆိုခဲ့တာပါ။
သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကို လာမယ့်မေလ ၂၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဖိုရမ်မှာ စကားပြောဖို့ အစောပိုင်း ဖိတ်ကြားခံထားရသူတွေထဲမှာ ဦးသာအောင်ညွန့်အပါအဝင် အာဆီယံနိုင်ငံတွေက သံအမတ်တွေရဲ့ နာမည်တွေ ဖော်ပြထားပေမယ့် ဖိုရမ်ကျင်းပဖို့ သီတင်းတစ်ပတ်ကျော်အလိုမှာ သူ့တစ်ယောက်တည်းရဲ့ နာမည်ကို ဖယ်ရှားလိုက်တာပါ။
Samantha Ratnam က သူတောင်းဆိုခဲ့တဲ့အတိုင်း ဖိုရမ်ကနေ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားလိုက်တာကြောင့် ဝမ်းမြောက်ကြောင်း တွစ်တာမှာရေးထားပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Justice For Myanmar အဖွဲ့ကလည်း ဒီဖိုရမ်ကနေ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားပေးဖို့ မေလ ၁၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းထားတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပေမယ့် နိုင်ငံတကာမှာ သံတမန်ရေး ရှုံးနိမ့်နေပြီး၊ NUG အစိုးရဘက်က အသာစီးရနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။
လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံမှာလည်း မြန်မာစစ်ကောင်စီက ဖယ်ထုတ်ခံထားရပါတယ်။
ဒါပေမဲ့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုတော့ အမေရိကန်က ဖိတ်ကြားခဲ့ပြီး ညီလာခံပြင်ပမှာ အမေရိကန်အစိုးရ အကြီးအကဲတွေ၊ အာဆီယံ အကြီးအကဲတချို့နဲ့ သီးသန့်တွေ့ဖို့ စီစဉ်ပေးခဲ့ပါတယ်။